အာဆင်နယ်တို့ အိမ်ကွင်းမှာ လက်စတာကို အမှားအယွင်းမရှိ အနိုင်ယူခဲ့တာပါ။

အာဆင်နယ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တည်ငြိမ်တဲ့ရလဒ်နဲ့ ရှေ့ဆက်နေဆဲဖြစ်ပါတယ်။ ဒီပွဲအတွက် အာဆင်နယ်က ဂိုးသမား ရမ်စ်ဒေးလ်၊ နောက်တန်းမှာ ဆီဒရစ်၊ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနေး၊ ကွင်းလယ်မှာ ပါတေး၊ ချာကာ၊ ဆာကာ၊ အိုဒီဂတ်၊ မာတီနယ်လီနဲ့ လာကာဇက်က အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်ခဲ့ပါတယ်။



ဧည့်သည် လက်စတာကလည်း ဂိုးသမား ရှမိုက်ကယ်၊ နောက်တန်းမှာ ပါရဲရား၊ အမာတေး၊ ဆိုယန်ကူ၊ လုခ်သောမတ်စ်၊ ကွင်းလယ်မှာ မန်ဒီ၊ ဒျူးစ်ဘူရီ၊ ဘားနက်စ်၊ မက်ဒီဆင်၊ အယ်လ်ဘရိုက်တန်နဲ့ အထောင်တိုက်စစ်မှူးနေရာမှာ အီဟီယန်နာချိုတို့ကို ပွဲထုတ်ကာ အာဆင်နယ်ကို ရင်ဆိုင်ခဲ့ပါတယ်။

အာဆင်နယ်က ပွဲကို လိုသလို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုနဲ့ အခွင့်အရေးရရှိမှုတွေမှာ လက်စတာကို အသာရခဲ့ပါတယ်။ ပုံစံကောင်းတွေဆက်တိုက်ပြနေတဲ့ အာဆင်နယ်တို့ ပွဲကစားချိန် (၁၀) မိနစ်မှာတင် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ထောင့်ကန်ဘောကတဆင့် ပါတေးက ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းပြီးတဲ့အထိ အာဆင်နယ်တို့ ဒီတဂိုးနဲ့ပဲ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပင်နယ်တီထပ်မံရရှိခဲ့ပါတယ်။ ဆိုယန်ကူရဲ့ပင်နယ်တီကတဆင့် ရရှိလာတဲ့ ပင်နယ်တီကို လာကာဇက်က အဆုံးသတ်ကန်သွင်းပြီး အာဆင်နယ်တို့ ပွဲအပြီးမှာ နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရမ်စ်ဒေးလ်ရဲ့ လက်စွမ်းပြမှုကို လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်ကိုယ်တိုင် လက်ခုပ်တီးခဲ့ရတာကလည်း ဒီပွဲအတွက် ပြောစရာဖြစ်ခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်တို့ အဆင့် (၄) နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပွဲကျန်တွေနဲ့အတူ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်စွမ်းရှိနေဆဲလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က