ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ခ်က ကစားသမားတွေရဲ့ တနေ့တာ နေထိုင်စားသောက်မှုစနစ်အားလုံးကို သိရှိလိုနေပြီး ဒီအတွက် သူ့ဆီ အသေးစိတ်အစီရင်ခံစာတင်ခိုင်းထားတယ်လို့ သိရှိရပါတယ်။ တန်ဟက်ခ်ဟာ ပြီးခဲ့တဲ့ တနင်္လာက ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံး တရားဝင်သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။
တန်ဟက်ခ်ဟာ ကစားသမားတွေရဲ့ လက်ရှိကြံ့ခိုင်မှုအခြေအနေကို အားရကျေနပ်မှုမရှိသလို ကစားသမားတွေအကြောင်းကို ဂဃနဏ သိရှိလိုနေပါတယ်။ အဲ့ဒါကြောင့်လည်း ကစားသမားတယောက်ချင်းစီရဲ့ ကိစ္စရပ်အားလုံးကို သူ့ဆီအစီရင်ခံခိုင်းထားတယ်လို့ သိရှိရပါတယ်။
ကစားသမားတယောက်ချင်းစီဟာ အခုလာမယ့်နွေရာသီအားလပ်ရက်တွေမှာတောင် တန်ဟက်ခ်ဆီ အစီရင်ခံနေရမှာဖြစ်ပြီး စည်းပျက်ကမ်းပျက် ပြုမူနေထိုင်နိုင်မှာမဟုတ်ပါဘူး။ ကစားသမားတွေအနေနဲ့ နွေရာသီအားလပ်ရက်မှာ ဘယ်နေရာတွေကို သွားခဲ့တယ်ဆိုတာကအစ ပြောပြထားရမှာပါ။ ဒါ့အပြင် နွေရာသီအားလပ်ရက်အပြီး အသင်းနဲ့ပြန်လည်ပူးပေါင်းချိန်မှာလည်း အကောင်းဆုံးပုံစံကိုသာ မြင်တွေ့လိုတယ်လို့ တန်ဟက်ခ်က ကြိုတင်သတိပေးထားပြီးဖြစ်ပါတယ်။
တန်ဟက်ခ်ဟာ အရင်တည်းက စည်းကမ်းတင်းကျပ်တဲ့လူတယောက်ဖြစ်ပြီး အသင်းဟောင်း အေဂျက်စ်မှာဆိုရင် သူ့ကို ‘ကျောင်းအုပ်ဆရာကြီး’ အဖြစ်တောင် နာမည်ပြောင်ပေးထားကြပါတယ်။ ဒါ့အပြင် အခု ယူနိုက်တက်ကစားသမားတွေရဲ့ အိမ် နဲ့ မိသားစုတွေရဲ့ အချက်အလက်တွေ၊ သူတို့ရဲ့ နေထိုင်မှုအကျင့်စရိုက်ပုံစံတွေကိုပါ သူ့ဆီအစီရင်ခံပေးဖို့ တောင်းဆိုထားပါတယ်။
တန်ဟက်ခ်အနေနဲ့ ကစားသမားအချို့နဲ့ Zoom, WhatsApp တို့ကတဆင့် တွေ့ဆုံပြီးဖြစ်ပေမယ့် အခုချိန်ထိ လူချင်းမတွေ့ဆုံရသေးပါဘူး။ တန်ဟက်ခ်ဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ရာသီနောက်ဆုံးပွဲကို လာရောက်ကြည့်ရှုခဲ့ပေမယ့်လည်း ကစားသမားတွေနဲ့ အနီးကပ်တွေ့ဆုံခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီပွဲအပြီးမှာတော့ ကစားသမားတွေက နွေရာသီအားလပ်ရက်ရရှိနေပါတယ်။
တန်ဟက်ခ်ဟာ လာမယ့်ရာသီအကုန်မှာ ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် ကြိုးစားပေးသွားမယ်လို့ ပြောကြားထားပြီး ဒါက သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပစ်မှတ်တခုဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် (၆) နဲ့သာ ရာသီသိမ်းခဲ့တာကြောင့် တန်ဟက်ခ်ရဲ့ ပထမဆုံးရာသီမှာ ယူရိုပါလိဂ်သာ ကစားခွင့်ရရှိမှာပါ။