ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ရီယိုဖာဒီနန်က သူ့အသင်းဖော်ဟောင်း ရော်နယ်ဒိုအပေါ် မီဒီယာတွေရဲ့ ပြစ်တင်ဝေဖန်မှုကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဆောင်းရာသီမှာ အာရှမြေ ဆော်ဒီက အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မီဒီယာတွေက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
ရော်နယ်ဒိုအနေနဲ့ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဥရောပကို ပြန်လည်ပြောင်းရွှေ့မယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုချိန်မှာတော့ ဆော်ဒီမှာသာ ဆက်ကစားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီးပါပြီ။ ဖာဒီနန်ကတော့ ရော်နယ်ဒို အခုလိုမျိုး ဆော်ဒီမြေကို ရွေးချယ်သွားခဲ့တဲ့အပေါ် ထောက်ခံခဲ့ပြီး တစ်ချိန်က ရွန်းနီ၊ ဘက်ခမ်း၊ လမ်းပတ်၊ ဂျရတ်တို့ မေဂျာလိဂ်ကို ပြောင်းရွှေ့ခဲ့တာနဲ့ နှိုင်းယှဥ် ကာကွယ်ပေးခဲ့ပါတယ်။
ဖာဒီနန်က “မီဒီယာတွေက ရှက်ဖို့ကောင်းပါတယ်ဗျာ။ ရွန်းနီ၊ ဘက်ခမ်း၊ လမ်းပတ်၊ ဂျရတ်တို့ အမေရိကကို ပြောင်းခဲ့တာကျ သူတို့ရဲ့ ကစားသမားဘဝကို အကောင်းဆုံး အဆုံးသတ်တဲ့လမ်း၊ ပြိုင်ဆိုင်မှုမရှိတဲ့လိဂ်မှာ ငွေအများကြီးရှာနိုင်ဖို့နဲ့ ဒါက သူတို့အတွက် ထိုက်တန်တယ်လို့ ပြောခဲ့ကြတာပါ။ ကျွန်တော်ကတော့ မီဒီယာတွေမှာ ဒါမျိုး ဖတ်ခဲ့ရပါတယ်”
“ဒါပေမယ့် ရော်နယ်ဒို ဆော်ဒီကို ပြောင်းပြီး ဒါမျိုးလုပ်တော့ကျ ရှက်စရာကောင်းတယ်၊ ကပ်ဆိုက်တယ်ဆိုပြီး ဖြစ်သွားကြပြန်ရောဗျာ။ ကျွန်တော်ကတော့ ဘယ်ဘောလုံးသမားအတွက်မဆို သူ့ရဲ့ အသက်အရွယ်၊ အဆင့်အတန်းနဲ့ကိုက်ညီတဲ့ ပတ်ဝန်းကျင်မှာ ကစားခွင့်ရဖို့က အရေးကြီးတဲ့အချက်တွေထဲက တစ်ခုပါပဲ။ ရော်နယ်ဒို မပျော်ရတာ အတော်လေးကြာပါပြီ”
“ဒီတော့ သူ့ရဲ့ ပျော်ရွှင်မှုကို ပြန်ရှာနိုင်ခဲ့တဲ့အတွက် ကျွန်တော်ကတော့ ဝမ်းသာပါတယ်။ သူက မထင်မှတ်ထားတဲ့ အသင်းကို ရွေးချယ်သွားခဲ့သည့်တိုင်အောင်ပေါ့။ အချို့ကတော့ ရော်နယ်ဒိုရဲ့ ကစားသမားဘဝကို ဒီလို အဆုံးသတ်တာက ဝမ်းနည်းစရာလို့ ပြောကြပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ သူ လမ်းခွဲခဲ့ပုံကသာ တစ်ခုတည်းသော ဝမ်းနည်းစရာပါ။ လူတွေက ဘာကြောင့် ဒီလိုပြောရက်နိုင်ကြလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။