ဆောက်သမ်တန်ကွင်းလယ်ကစားသမားဂျိမ်းစ်ဝါ့ဒ်ပရောက်စ်ဟာ ၀ုလ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းအတွက် အလွတ်တည်ကန်ဘောကနေ လှပတဲ့ ကန်သွင်းချက်နဲ့ တဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၃၅ ကိုက်အကွာက ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကို သွင်းယူခဲ့တာဖြစ်ပြီး ပရိသတ်အားလုံးကို ရင်သပ်ရှုမောဖွယ်ဖြစ်စေခဲ့သလို ကိုယ်တိုင်လည်း စံချိန်ကောင်းတခုကို ရေးထိုးသွားနိုင်ခဲ့ပါတယ်။
ဝါ့ဒ်ပရောက်စ်အတွက် ဒီအလွတ်တည်သွင်းဂိုးဟာ ပရီးမီးယားလိဂ်ကစားသမားဘ၀မှာ ၁၂ ဂိုးမြောက် Free-Kick သွင်းဂိုးဖြစ်လာခဲ့တာပါ။ အင်္ဂလန်ကွင်းလယ်လူက သူ့ရဲ့တည်ကန်ဘောစွမ်းရည်ကို ပြသနိုင်ခဲ့တာဖြစ်ပြီး ပရိးမီးယားလိဂ်သမိုင်းမှာ ဒေးဗစ်ဘက်ခမ်းပြီးရင် Free-Kick သွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။
ဝါ့ဒ်ပရောက်စ်ရဲ့ ကန်ချက်က ဂိုးသမားရဲ့ညာခြမ်းဘက်ကို ဦးတည်သွားမလိုလိုနဲ့ လူတံတိုင်းကိုကျော်ကာ ဂိုးသမားဘယ်ခြမ်းကို ဝေ့ဝိုက်ပြီးဝင်သွားခဲ့တာဖြစ်ပါတယ်။ အွန်နရီ၊ ဇိုလာတို့ရဲ့ အလွတ်တည်ကန်ဘောသွင်းဂိုးအရေအတွက်ကို လိုက်မီခဲ့တာဖြစ်ပြီး ဘက်ခမ်းကတော့ ၁၈ ဂိုးနဲ့ ထိပ်ဆုံးမှာရပ်တည်နေကာ အမီလိုက်ဖို့အတွက်ဆိုရင်တော့ နောက်ထပ် ၆ ဂိုး လိုအပ်နေတာဖြစ်ပါတယ်။
ဒီသွင်းဂိုးကြောင့် သရေတမှတ်ရဖို့အတွက် ဆောက်သမ်တန်တို့ မျှော်လင့်နိုင်ခဲ့ပေမယ့်လည်း ထရာအိုရေးက နောက်တဂိုးထပ်မံသွင်းယူခဲ့ရာမှာတော့ ၃-၁ ဖြစ်သွားခဲ့ပါတယ်။ Free-Kick ဘုရင်လို့ နာမည်ကြီးခဲ့တဲ့ ဘက်ခမ်းနဲ့ ၆ ဂိုးသာ ကွာဟတော့တဲ့ အနေအထားက ဝါ့ဒ်ပရောက်စ်ရဲ့ စွမ်းရည်ဘယ်လောက်ထိမြင့်မားလဲဆိုတာကိုပါ သိသာစေခဲ့ကာ ချီးကျူးမှုတွေနဲ့ ထိုက်တန်သူလို့ ပြောရတော့မှာဖြစ်ပါတယ်။