Flagship စမတ်နာရီတွေထဲက စိတ်လှုပ်ရှားစရာထုတ်ကုန်တစ်ခု

Amazfit ရဲ့ Flagship စမတ်နာရီသစ်ဖြစ်တဲ့ Amazfit GTR 3 Pro ကို ဈေးကွက်မှာ ကြေညာသွားပါတယ်။

Amazfit ဟာ အရင်က Huami လို့ ခေါ်တဲ့ Zepp Health ပိုင် စမတ်နာရီထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး Xiaomi ကနေ ရင်းနှီးမြှပ်နှံမှု ရထားတာပါ။ တတိယမျိုးဆက် Amazfit စမတ်နာရီမျိုးဆက်မှာ Amazfit GTR 3 ၊ GTS 3 နဲ့ GTR 3 Pro ဆိုပြီး မော်ဒယ်သုံးမျိုး ထွက်လာပါတယ်။ Pro မော်ဒယ်ကတော့ Flagship အကျဆုံး စမတ်နာရီ ဖြစ်ပြီး ဈေးလည်း အကြီးဆုံး ဖြစ်ပါတယ်။ 



ဒီတစ်ခေါက် Amazfit နာရီတွေဟာ ဘက်ထရီသက်တမ်း သိသိသာ ပိုကောင်းလာပါတယ်။ Amazfit GTR 3 ဆို တစ်ကြိမ်အားသွင်းထားမယ်ဆိုရင် ပုံမှန်အသုံးပြုမှု ၂၁ ရက်အထိ ခံမယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ Amazfit GTR 3 Pro နဲ့ GTS3 ကတော့ ၁၂ ရက်ပဲ အားခံမှာပါ။ Batter saver mode သုံးရင် ပိုပြီး သက်တမ်းခံမှာကတော့ မေးစရာလိုမှာ မဟုတ်ပါဘူး။ 

Photo: T3


Amazfit GTR 3 Pro ဟာ နာရီအိုးအဝိုင်းဒီဇိုင်းနဲ့လာပြီး ၁.၄၅ လက်မအရွယ် AMOLED display သုံးထားတဲ့ စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ နာရီအိုးဟာ လေယာဉ်ကိုယ်ထည်မှာ သုံးတဲ့ အလူမီနီယံအလွိုင်းနဲ့ ထုတ်ထားပြီး ၃၂ ဂရမ်ပဲ လေးမယ်လို့ ဆိုပါတယ်။မီးခိုးဖျော့ကိုယ်ထည် Brown Leather ကြိုးဗားရှင်းနဲ့ မီးခိုးရင့်ကိုယ်ထည် ကာဗွန်ပိုလီမာကြိုးနက်ဗားရှင်း ဆိုပြီး ဗားရှင်း နှစ်မျိုး လာပါတယ်။ 

bezel ဘောင်ပါးပြီး Screen-To-Body အချိုး ၇၀.၆% သုံးထားတဲ့အပြင် Screen Refresh Rate ကိုလည်း ၆၇% အထိ တိုးထားပါတယ်။ Brightness Nit ကို အမြင့်ဆုံး 1000nit အထိ ပေးလာပြီး ရုပ်ထွက်မှာလည်း 331ppi ဖြစ်လို့ ကြည်လင်ပြတ်သားမှုပိုင်းမှာ အားရစရာကောင်းနေပါလိမ့်မယ်။ Amazfit GTR 3 Pro အတွက် watch face ၁၅၀ ကျော် ထည့်ထားပြီး Watch Face တိုင်းက Always on Display ဗားရှင်း ရမှာပါ။ 

ဘော်ဒီအိမ်က ရိုးရှင်းသပ်ရပ်နေပြီး ညာဘောင်ခြမ်းမှာ နာရီ Crown နဲ့ နောက်ခလုတ်တစ်ခု တပ်ဆင်ထားပါတယ်။ physical ခလုတ်တွေနဲ့ function တွေ သုံးနိုင်သလို touchscreen ဖြစ်လို့ ဒီအတိုင်း လက်နဲ့လည်း swipes လုပ်ပြီး သုံးနိုင်မှာပါ။ ရေအနက် မီတာ ၅၀ အထိ ရေစိမ်ခံနိုင်စွမ်းရှိပြီး နှလုံးခုန်နှုန်း ၊ သွေးတွင်းအောက်ဆီဂျင် ၊ စိတ်ဖိစီးမှုနဲ့ အသက်ရှုနှုန်းတွေကို ၄၅ စက္ကန့်အတွင်း တွက်ထုတ်နိုင်တဲ့ BioTracker 3.0 optical sensor သစ်လည်း ပါရှိပါတယ်။ 

GTR 3 Pro မှာ Amazon ထုတ် Alexa အသံထိန်းချုပ်မှုစနစ်နဲ့ အပြန်အလှန်ဆက်သွယ်နိုင်ဖို့ mic နဲ့ စပီကာတစ်ခုလည်း ထည့်ပေးထားပါတယ်။ ဒီနာရီမှာ Alexa အသံစနစ်ကို နိုင်ငံ/ဒေသ ၁၅ ခုမှာ ဘာသာစကား ၁၄ မျိုးနဲ့ Online ချိတ်ဆက်နိုင်အောင် ပံ့ပိုးထားပါတယ်။ Offline အနေနဲ့ ဂျာမန် ၊ တရုတ် ၊ ပြင်သစ် ၊ စပိန်နဲ့ အင်္ဂလိပ်ဘာသာစကားတွေနဲ့ ဆက်သွယ်နိုင်မယ့် Built-in အသံအကူစနစ်လည်း ပါရှိပါတယ်။ Offline Voice Assistant နည်းပညာကတော့ အားကစားလုပ်နေချိန်လိုမျိုးမှာ အသုံးဝင်မယ့် features တစ်ခုပါပဲ။


Photo; Android Authority

အားကစားပေါင်း ၁၅၀ ကျော်ကို Track လုပ်နိုင်ပြီး ပုံမှန်လုပ်ဆောင်နေကျ ပြေးတာ ၊ လမ်းလျှောက်တာ ၊ ရေကူးတာ ၊ စက်ဘီးစီးတာလိုမျိုး အားကစား ၈ မျိုးကို အလိုအလျောက် သိရှိခြေရာခံပေးသွားမှာပါ။ တခြား features တွေအနေနဲ့ Wi-Fi ၊ GPS ၊ Bluetooth Audio နဲ့ 2.3GB onboard Music Storage ပါရှိပါတယ်။ သုံးထားတဲ့ OS ဟာ Zepp OS ဖြစ်ပြီး iOS နဲ့ Android ထုတ်ကုန်တွေနဲ့လည်း ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။ 

Amazfit GTR Pro 3 ကို ၂၂၉ ဒေါ်လာ (လက်ရှိမြန်မာငွေပေါက်ဈေးနဲ့ဆို ၄ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က