တရုတ်နိုင်ငံရဲ့ Google လို့တင်စားခံရတဲ့ အင်တာနက်ကုမ္ပဏီ Baidu ရဲ့ CEO ရောဘင်လီဟာ AI နည်းပညာအကြောင်း ဟောပြောနေစဉ်မှာ လူငယ်တစ်ယောက်က စင်ပေါ်တက်ပြီး ရေဖြင့်လောင်းတာခံခဲ့ရပါတယ်။
ဘေဂျင်းမှာ ကျင်းပတဲ့ Baidu Create 2019 မှာ ရောဘင်လီဟာ ဉာဏ်ရည်တုနည်းပညာအကြောင်း ဟောပြောမှုလုပ်နေစဉ်မှာ လူငယ်တစ်ယောက်တက်လာပြီး လက်ဆွဲကာ ခေါင်းကနေ ရေလောင်းသွားတာပါ။ ဒီအချိန်မှာ ရောဘင်လီဟာ စကားသံနဲ့နှိုးစရာမလိုဘဲ သုံးစွဲသူရဲ့ အမိန့်ပေးချက်ကို အလိုအလျောက် တုန့်ပြန်လုပ်ဆောင်ပေးနိုင်မယ့် စမတ်စပီကာတစ်ခုအကြောင်း ပြောနေခဲ့တာလို့BBC သတင်းမှာ ဖော်ပြထားပါတယ်။
Photo: SCMP
မမျှော်လင့်ဘဲ ရေလောင်းခံရပြီးနောက် ရောဘင်လီဟာ မျက်နှာပေါ်က ရေတွေ လက်နဲ့သုတ်ပြီး "ခင်ဗျား ဘာဖြစ်နေတာလဲ" လို့ပြန်ပြောခဲ့ပါတယ်။ ရေလောင်းသူကတော့ ဘာမှ ပြန်မပြောဘဲ ရေလောင်းပြီးနောက် စင်ပေါ်က ဆင်းသွားခဲ့ပါတယ်။ Baidu ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်ကတော့ အခုလို ရေတက်လောင်းသွားတဲ့ အကြောင်းရင်းကို မသိရသေးကြောင်း BBC သတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာတော့ ရေလောင်းသွားသူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ Baidu နဲ့ပတ်သက်ပြီး ထူးခြားတဲ့ အချက်တစ်ခုက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က တရုတ်ကျောင်းသားတစ်ယောက် အွန်လိုင်းမှာ တွေ့ရတဲ့ ကင်ဆာကုထုံးတစ်ခုကို စမ်းကြည့်ရင်း သေဆုံးရာကနေ တရုတ်အာဏာပိုင်တွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ သေဆုံးသူ ကျောင်းသားရဲ့ မိသားစုဝင်တွေကတော့ ဒီကျောင်းသားဟာ Baidu ကနေ ဒီကုထုံးကို တွေ့ခဲ့တာလို့ပြောခဲ့ပါတယ်။
Photo: BBC
ရောဘင်လီဟာ မကြာသေးခင်ကပဲ သုံးလပတ်ဝင်ငွေမှာ ပထမဆုံးအကြိမ် အရှုံးပြပြီးနောက် ရင်းနှီးမြှပ်နှံသူတွေရဲ့ ဖိအားနဲ့ရင်ဆိုင်နေရတာပါ။ ကမ္ဘာ့ နဝမမြောက် အကြီးဆုံး အင်တာနက် ကုမ္ပဏီ Baidu ဟာ ကြော်ငြာဝင်ငွေ ကျဆင်းမှုကြောင့် ပြီးခဲ့တဲ့ မတ်လကုန်အထိ သုံးလအတွင်း ယွမ် ၃၂၇ သန်း ( ဒေါ်လာ ၄၇ သန်း) အရှုံးပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကာလတူက ယွမ် ၆.၇ ဘီလျံ မြတ်ခဲ့တဲ့ Baidu အတွက် ဒါဟာ ၂၀၀၅ ခုနှစ်ကစလို့အများပိုင်ကုမ္ပဏီဖြစ်ပြီးနောက် ပထမဆုံးအကြိမ် အရှုံးပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ Baidu ဟာ မောင်းသူမဲ့ ဘတ်စ်ကားတွေလည်း အကြီးအကျယ် ထုတ်လုပ်မှု စတင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။