Baidu ဟာ တရုတ်နိုင်ငံအတွင်း အပြည့်အဝ မောင်းသူမဲ့ဝန်ဆောင်မှု ပြေးဆွဲဖို့ ခွင့်ပြုချက်ရပြီလို့ ဆိုပါတယ်။
တရုတ်မောင်းသူမဲ့ကားကုမ္ပဏီ Baidu ဟာ ယာဉ်မောင်းမလိုတဲ့ မောင်းသူမဲ့ဝန်ဆောင်မှု စတင်ခွင့်ရလာတဲ့ ပထမဆုံးကုမ္ပဏီလည်း ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ Baidu ဟာ ဘေဂျင်းမှာ အလိုအလျောက်မောင်းနှင်နိုင်တဲ့ တက္ကစီဝန်ဆောင်မှု ပြေးဆွဲဖို့ ခွင့်ပြုချက် ရခဲ့တာပါ။ အဲ့ဒီအချိန်က ခွင့်ပြုချက်ထဲမှာ ခရီးသည်လုံခြုံရေးအတွက် ကားရှေ့ခန်း ယာဉ်မောင်းခုံထဲမှာ လူယာဉ်မောင်းတစ်ယောက် ထားပေးရမယ်လို့လည်း သတ်မှတ်ချက် ပါရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ Baidu ဟာ ခရီးသည်ချည်း လိုက်ပါနိုင်မယ့် မောင်းသူမဲ့ကားဝန်ဆောင်မှုကို ပထမဆုံးအကြိမ် စတင်နိုင်တော့မှာ ဖြစ်ပါတယ်။ Baidu ကတော့ သူ့ရဲ့ မောင်းသူမဲ့ Robotaxis မှာ ပင်မအလိုအလျောက်မောင်းနှင်ရေး လုပ်ဆောင်ချက်တွေကို အထောက်အပံ့ပေးဖို့ ဘေးကင်းရေးစနစ် အမြောက်အများ ပါရှိမယ်လို့လည်း ဆိုပါတယ်။ Baidu ရဲ့ မောင်းသူမဲ့လုံခြုံရေးစနစ်တွေမှာ စောင့်ကြည့်အရံစနစ်တွေ ၊ အဝေးထိန်းမောင်းနှင်ရေးစနစ်တွေနဲ့ ဘေးကင်းမှုအော်ပရေးရှင်းစနစ်တစ်ခုတို့ ပါဝင်ပါတယ်။
တရုတ်နိုင်ငံရဲ့ ထိပ်တန်း ရှာဖွေရေး Search Engine လုပ်ငန်းတစ်ခုဖြစ်တဲ့ Baidu Inc ဟာ ကုမ္ပဏီရဲ့ အပြည့်အဝ မောင်းသူမဲ့ robotaxi services တွေကို တရုတ်မြို့ကြီးနှစ်မြို့ ဖြစ်တဲ့ အနောက်တောင်ပိုင်း ချုံချင့်မြို့နဲ့ ဝူဟန်မြို့တွေမှာ ဝန်ဆောင်မှုပေးဖို့ ပါမစ်ရထားတာပါ။ ဒီတနင်္လာနေ့ကစပြီး ချုံချင့်နဲ့ ဝူဟန်မြို့က လမ်းတွေပေါ်မှာ လူယာဉ်မောင်း မပါတဲ့ Baidu မောင်းသူမဲ့ တက္ကစီတွေကို စီးပွားဖြစ်ငှားရမ်းနိုင်တော့မှာ ဖြစ်ပါတယ်။
ယာဉ်မောင်း လိုက်ပါစရာမလိုတဲ့ Baidu ရဲ့ မောင်းသူမဲ့အငှားယာဉ် ဝန်ဆောင်မှုဧရိယာကို ချုံချင့်မြို့ Yongchuan ခရိုင်အတွင်း စတုရန်းကီလိုမီတာ ၃၀ နဲ့ ၁၃ စတုရန်းကီလိုမီတာ ကျယ်တဲ့ ဝူဟန် စီးပွားရေးနဲ့ နည်းပညာဖွံ့ဖြိုးရေးဇုန်အတွင်း သတ်မှတ်ထားပါတယ်။ Baidu ဟာ ဘေဂျင်း ၊ ရှန်ဟိုင်း နဲ့ ရှန်းကျင့်တို့က ဒေသတွင်းအစိုးရတွေနဲ့လည်း စကားပြောဆိုထားပြီး တစ်နှစ်အတွင်း အပြည့်အဝ မောင်းသူမဲ့ကား နဲ့ အခပေးစရာမလိုတဲ့ Robotaxi ဝန်ဆောင်မှု စမ်းသပ်ဖို့ လိုင်စင်ရအောင် ကြိုးစားနေပါတယ်။
တရုတ်အစိုးရဟာ အမေရိကန်နဲ့အပြိုင် မောင်းသူမဲ့ကားစမ်းသပ်မှုတွေကို ခွင့်ပြုချက်ပေးလာနေပါတယ်။ အမေရိကန်အစိုးရအာဏာပိုင်တွေကလည်း မောင်းသူမဲ့အလိုအလျောက်ယာဉ်ဝန်ဆောင်မှုအတွက် ခွင့်ပြုချက်တွေ ချပေးနေတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလက မောင်းသူမဲ့ကားကုမ္ပဏီ Cruise ဟာ ကယ်လီဖိုးနီးယားပြည်နယ် ပြည်သူ့စည်ပင်ရေးရာကော်မရှင်ရဲ့ အခပေး အပြည့်အဝ မောင်းသူမဲ့ဝန်ဆောင်မှုစနစ် ပေးဖို့ ခွင့်ပြုချက်ရခဲ့ပြီး ဆန်ဖရန်စစ္စကိုရဲ့ သတ်မှတ်လမ်းသွယ်တွေမှာ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ မောင်းနှင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
လက်ရှိ မောင်းသူမဲ့တက္ကစီဝန်ဆောင်မှုလုပ်ငန်းတွေထဲမှာ Baidu ဟာ ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့တက္ကစီဝန်ဆောင်ရေးလုပ်ငန်းအဖြစ် ရပ်တည်နေပါတယ်။ Baidu ရဲ့ robotaxi ဝန်ဆောင်မှုဖြစ်တဲ့ Apollo Go ကတော့ ၂၀၂၀ ခုနှစ်က စပြီး တရုတ်မြို့ကြီး ၁၀ မြို့မှာ ခရီးစဉ်ပေါင်း ၁ သန်းကျော် ပြေးဆွဲထားပါတယ်။ Baidu ဟာ မကြာသေးခင်ကပဲ စတီယာရင်ကို အဖြုတ်/အတပ်လုပ်နိုင်တဲ့ Apollo RT6 ဆိုတဲ့ မောင်းသူမဲ့လျှပ်စစ်ကားတစ်မျိုးကို မိတ်ဆက်ထားပြီး ဒီယာဉ်ကိုလည်း ပြင်ပထုတ်လုပ်သူကို မမှီခိုဘဲ ကိုယ်တိုင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Baidu ရဲ့ ဆဌမမျိုးဆက် မောင်းသူမဲ့ကားသစ် Apollo RT6 ဟာ Level 4 အဆင့် အလိုအလျောက်မောင်းစနစ်နဲ့ တစ်စက္ကန့် 1200 TOPS (tera operation တွက်ချက်မှု) တွက်ချက်မှုပါတဲ့ Automotive-Grade နှစ်စုံတွဲ တွက်ချက်မှုစနစ် ပါရှိပါတယ်။ Level 4 အဆင့် အလိုအလျောက်မောင်းနှင်မှုစနစ်မှာ လူမလိုသလောက် နီးနီး ယာဉ်က သူ့အလိုလို မောင်းနှင်မှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Level 4 အဆင့် မောင်းသူမဲ့ကားစနစ် သုံးထားတာကြောင့် Apollo RT6 မှာ စတီယာရင်ပျောက်ဒီဇိုင်း ထုတ်ထားပါတယ်။
Apollo RT6 ယာဉ်မှာ အာရုံခံ Sensor ၃၈ ခု ပါရှိပြီး ဒီထဲမှာ အလင်းထောက်လှမ်းတွက်ချက်မှု လုပ်နိုင်တဲ့ Lidar Sensor ၈ ခု ၊ ၆ မီလီမီတာ ရှိတဲ့ wave Radar လှိုင်းတစ်ခု ၊ အသံအောက် Ultrasonic Sensor ၁၂ ခုနဲ့ ကင်မရာ ၁၂ လုံး တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ယွမ် ၂ သိန်းခွဲတန် Apollo RT6 ဟာ အရင်မော်ဒယ် Apollo Moon ထက် ကုန်ကျစရိတ် ၄၈% ကျော် ပိုဈေးသက်သာပြီး လာမယ့်နှစ်လယ်ပိုင်းကစလို့ တရုတ်လမ်းတွေပေါ်မှာ Baidu ရဲ့ Robotaxi ဝန်ဆောင်မှုအနေနဲ့ ပြေးဆွဲတော့မှာပါ။
စရိတ်စက လျှော့ချနိုင်တာကြောင့် မောင်းသူမဲ့ကားထောင်နဲ့ချီ ဖြန့်ကြက်နိုင်ဖို့ အလားအလာ ပိုကောင်းစေခဲ့တယ်လို့ Baidu ရဲ့ ECO ရော်ဘင်လီက Baidu World 2022 မှာ ပြောကြားခဲ့ပါတယ်။
Share