အသင်းဟောင်းယူနိုက်တက်နဲ့ပွဲမှာ ဘရိုက်တန်အတွက် ခြေစွမ်းပြကစားခဲ့တဲ့ တိုက်စစ်မှူးဒန်နီဝဲလ်ဘက်ခ်ကို ဘရိုက်တန်နည်းပြဂရေဟမ်ပေါ်တာက ချီးကျူးမှုတွေပြုလုပ်လိုက်ပါတယ်။ ဝဲလ်ဘက်ခ်ဟာ ယူနိုက်တက်ခံစစ်ပိုင်းကို ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့ပြီး မက်ဂွိုင်းယားနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကို အာရုံပျက်စေခဲ့တာ အသင်းပထမဂိုးရရှိဖို့အတွက်လည်း အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ပြန်လည်တွေ့ဆုံတိုင်းမှာ ဝဲလ်ဘက်ခ်က အခက်တွေ့အောင် လုပ်နေခဲ့တာဖြစ်ပြီး အာဆင်နယ်ကစားသမားဘ၀မှာလည်း အခုလိုပဲ ခြေစွမ်းပြကာ ဂိုးတောင်သွင်းယူနိုင်ခဲ့ပါတယ်။ ဂရေဟမ်ပေါ်တာက ဝဲလ်ဘက်ခ်ဟာ သူ့နည်းသူ့ဟန်နဲ့အတူ ဖျားနာနေမကောင်းဖြစ်မှုတွေကို ဘယ်တော့မှ အလွယ်တကူခွင့်ပြုတတ်တဲ့သူမဟုတ်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
အကြောင်းရင်းကတော့ အစာအိမ်မှာ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရတာတောင် ဝဲလ်ဘက်ခ်က မနေ့ကပွဲမှာ ဝင်ကစားပေးခဲ့လို့ပဲဖြစ်ပါတယ်။ ဂရေဟမ်ပေါ်တာက "သူက သူ့နောက်ကျောမှာ အိမ်သာတလုံးကို ကြိုးနဲ့သိုင်းလွယ်ပြီးတော့တောင် ကစားမယ့်သူပါ၊ အဲဒါက သူ့ကို နှောင့်နှေးစေမယ်ဆိုရင်တောင်မှ သူက နောက်ကျောမှာ အိမ်သာတလုံးလွယ်ပြီး ကစားမှာသေချာပါတယ်" လို့ ချီးကျူးသွားခဲ့တာပါ။
ဘရိုက်တန်ကတော့ အိုးထရက်ဖို့ဒ်မှာ ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ "ကျနော်တို့အသင်းအနေနဲ့ ဒီကွင်းမှာ ဘယ်နှစ်ကြိမ်အနိုင်ရထားလဲဆိုတာကို ခင်ဗျားတို့ မြင်မှာပါ၊ ဒါကြောင့် ဒီနေ့ အနိုင်သုံးမှတ်ရတဲ့အတွက် ဂုဏ်ပြုသင့်ပါတယ်" လို့ ပေါ်တာက ထပ်မံပြောဆိုခဲ့ပြီး အသင်းနိုင်ပွဲအတွက် ဝံ့ကြွားခဲ့ပါတယ်။
"ကျနော့်ကောင်လေးတွေက အံ့အားသင့်စရာကောင်းပါတယ်၊ ထိပ်တန်းစွမ်းဆောင်ရည်တခုပါ၊ ကစားသမားတွေဆီကနေ အရမ်းကောင်းတဲ့အားထုတ်မှုကိုရခဲ့တာဖြစ်ပြီး နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်" လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။