သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းမှာ ခရီးသည်အပြည့်တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောတစ်စီး ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၃၉ ဦး သေဆုံးပြီး ၁၀၀ ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။

အထပ်သုံးထပ်ပါ ကူးတို့သင်္ဘောဟာ ဒါကာမြို့တော်မှ Barguna မြို့သို့ ထွက်ခွာလာခဲ့စဥ် Jhalakahti မြို့အနီး မြစ်လယ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူအချို့ဟာ သင်္ဘောမီးလောင်မှုအတွင်း မြစ်ထဲကိုခုန်ချရာမှ ရေနစ်သေဆုံးခဲ့ကြတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။



"အလောင်း ၃၉ လောင်း တွေ့ရှိထားပါတယ်၊ သေဆုံးသူအရေအတွက်က မြင့်တက်လာနိုင်ပါတယ်၊ အများစုက မီးလောင်မှုကြောင့် သေဆုံးခဲ့ပြီး တချို့ကတော့ မြစ်ထဲကိုခုန်ချရာကနေ ရေနစ်သေဆုံးခဲ့ကြပါတယ်၊ မီးလောင်ဒဏ်ရာရသူ ၁၀၀ လောက်ကို Barisal မြို့ ဆေးရုံကိုပို့ထားပါတယ်" လို့ ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲ Moinul Islam က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: AFP)

မီးလောင်မှုဟာ စက်ခန်းမှာ စတင်ခဲ့တယ်လို့ ယုံကြည်ရပြီး သင်္ဘောတစ်စီးလုံးကို ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ၎င်းက ဆိုပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ ကူးတို့သင်္ဘောဟာ လူ ၃၁၀ တင်ဆောင်ရန် သတ်မှတ်ထားတာဖြစ်ပေမဲ့ အနည်းဆုံး လူ ၅၀၀ အထိ လိုက်ပါလာခဲ့ကြပြီး အများအပြားဟာ ဒါကာမြို့တော်ကနေ အိမ်ပြန်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ခရီးသည်တွေကို မေးမြန်းမှုတွေအရ ကူးတို့သင်္ဘောပေါ်မှာ လူ ၅၀၀ နဲ့ ၇၀၀ ကြား လိုက်ပါလာခဲ့ကြကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ Johar Ali က AFP ကို ပြောပါတယ်။ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားမှုအရ မီးလောင်မှုဟာ မနက် ၃ နာရီဝန်းကျင်မှာ စတင်ခဲ့ပြီးနောက် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

(Photo: @inas_india)

"ကျွန်မတို့က သင်္ဘောအောက်ဆုံးထပ်မှာ ဖျာခင်းပြီးအိပ်နေကြတာ၊ ခရီးသည်အားလုံးလည်း အိပ်ပျော်နေခဲ့ကြတယ်၊ ကျွန်မနဲ့အတူရှိနေခဲ့တဲ့ အသက်ကိုးနှစ်အရွယ် မြေးလေးက မြစ်ထဲကိုခုန်ချသွားခဲ့တာ၊ သူ ဘယ်လိုဖြစ်သွားပြီလဲ ကျွန်မ မသိပါဘူးရှင်" လို့ သက်ကြီးရွယ်အို အဘွားဖြစ်သူက ပြောပါတယ်။

အခြား အသက်ရှင်ကျန်ရစ်သူတွေကတော့ ဒါကာမြို့ရှိ Sadarghat မြစ်ဆိပ်ကနေ ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၃ ရက်) ည ၉ နာရီအချိန်မှာ ထွက်ခွာလာခဲ့ပြီးနောက် မကြာမီမှာပင် သင်္ဘောစက်ခန်းမှာ မီးတောက်ငယ်တစ်ခု မြင်တွေ့ခဲ့ရတယ်လို့ ဆိုကြပါတယ်။

"မီးကူးစက်လာတော့ လူတွေအများကြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြတယ်၊ အိပ်ပျော်နေကြခဲ့ကြတဲ့ လူတွေအများကြီးက သူတို့ရဲ့အခန်းတွေထဲက မထွက်နိုင်ခဲ့ကြဘူး၊ အများအပြားက မြစ်ထဲခုန်ချကြတာပဲ" လို့ Barisal Medical College Hospital ဆေးရုံကိုရောက်ရှိလာတဲ့ နောက်ထပ် အသက်ရှင်ကျန်ရစ်သူတစ်ဦးက ပြောပါတယ်။

(Map: AFP)

မီးလောင်မှုကို ၄ နာရီ သို့မဟုတ် ၅ နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး အခွံသာကျန်တဲ့အထိ မီးလောင်ကျွမ်းသွားခဲ့တဲ့ ကူးတို့သင်္ဘောကို ကမ်းနားသို့ ဆွဲယူလာခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ Johar Ali က ဆိုပါတယ်။ လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းတွေကို မလိုက်နာခြင်းနဲ့ လူအများအပြား ပြွတ်သိပ်တင်ဆောင်ခြင်းတို့ကြောင့် လူသေဆုံးမှုတွေရှိတဲ့ သင်္ဘောမတော်တဆမှုတွေ ဖြစ်ပွားနေခဲ့ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

(နောက်ဆက်တွဲသတင်းအရ ကူးတို့သင်္ဘောပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်)

ဘင်္ဂလားဒေ့ရှ်မှာ ဩဂုတ်လအတွင်းကလည်း ခရီးသည်အပြည့်တင်ဆောင်လာတဲ့ စက်လှေတစ်စီးနဲ့ ကုန်တင်သင်္ဘောတစ်စီး တိုက်မိခဲ့မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ ဧပြီနဲ့ မေလအတွင်းမှာလည်း သီးခြားစီ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတွေကြောင့် လူ ၅၄ ဦး သေဆုံးခဲ့ပါတယ်။

ယမန်နှစ် ဇွန်လအတွင်းကလည်း ဒါကာမြို့မှာ အခြား ကူးတို့သင်္ဘောက အနောက်မှဝင်တိုက်ခဲ့မှုကြောင့် ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ရာ လူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာတော့ လူအပြည့်အသိပ်တင်ဆောင်လာတဲ့ သင်္ဘောတစ်စီးနဲ့ ကုန်တင်သင်္ဘော တိုက်မိခဲ့မှုကြောင့် အနည်းဆုံး လူ ၇၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က