"ကျနော့်အသက် ၁၅ နှစ်အရွယ်မှာ တင်ပါးခွဲစိတ်မှုလုပ်ခဲ့ရတယ်၊ ကျနော် ဘောလုံးကန်နိုင်မှာမဟုတ်တော့ဘူးလို့ အပြောခံခဲ့ရတယ်၊ တချို့အချိန်တွေကို ကျနော် ဘီးတပ်ကုလားထိုင်ပေါ်မှာ ကုန်ဆုံးခဲ့ရပြီးတော့ လမ်းပြန်လျှောက်နိုင်ဖို့အတွက် ၆ လ၊ ၇ လလောက် အချိန်ယူခဲ့ရပါတယ်၊ အခုတော့ ကျနော် ရီးရဲလ်မက်ဒရစ်မှာ ရှိနေခဲ့ပါပြီ၊ တကယ့်ကို မယုံနိုင်စရာပါ"
ဒီစကားတွေကို လိုင်ယွန်ကနေ ရီးရဲလ်ကို ပြောင်းရွှေ့ချိန်မှာ ဖာလန်းမန်ဒီက ပြောခဲ့တာပါ။ အခုဆိုရင် သူက ရီးရဲလ်မက်ဒရစ်နဲ့အတူ သူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်ဖလားကိုတောင် ဆွတ်ခူးသွားခဲ့ပါပြီ။ ပြင်သစ်ဒုတိယတန်းကလပ် Le Havre ကနေ လိုင်ယွန်ကို ပြောင်းရွှေ့ခဲ့ပြီး ၂ နှစ်အတွင်းမှာပဲ လီဂူးဝမ်းရဲ့ အကောင်းဆုံးဘယ်နောက်ခံလူအဖြစ်ပါ သူက ခြေစွမ်းပြနိုင်ခဲ့သူပါ။
လီဗာပူးလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကော်တွိုက်စ်ရဲ့ လက်စွမ်းပြခဲ့မှု၊ ဗင်နီရှပ်ရဲ့ သွင်းဂိုး၊ ဗယ်လ်ဗာဒီရဲ့ ဖန်တီးပေးမှုတွေက လူပြောများခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်အတွက် ခြေစွမ်းကောင်းပြသခဲ့တဲ့ မန်ဒီရဲ့ ပွဲချိန်တွင်းအချက်အလက်တွေကို မေ့လျော့နေခဲ့ကြပါတယ်။ အဲဒီပွဲမှာ မန်ဒီက ပေးပို့မှု ၉၇% နဲ့ နှစ်ဖက်အသင်းမှာ အကောင်းဆုံးဖြစ်ခဲ့ပြီး Long Balls ၁၀၀% အထိ အောင်မြင်ခဲ့ပါတယ်။
Dribble ကလည်း ရာနှုန်းပြည့်၊ တဦးချင်းရင်ဆိုင်တွေ့ဆုံမှုတွေမှာလည်း ရာနှုန်းပြည့်၊ ဖျက်ထုတ်မှုအပိုင်းမှာလည်း ရာနှုန်းပြည့်အောင်မြင်ခဲ့တာပါ။ စုစုပေါင်း ၃၆ ကြိမ်အထိ ဘောလုံးပေးပို့ခဲ့ရာမှာ ၃၅ ကြိမ်အောင်မြင်ခဲ့တာဖြစ်ပြီး ဘောလုံးပြန်ဆယ်ယူနိုင်မှုက ၉ ကြိမ်အထိတောင် ရှိခဲ့ပါတယ်။ ဒီဖလားကိုရယူအပြီးမှာ သူက "ကျနော့်ရဲ့ ကလေးဘ၀အိပ်မက်တွေ တကယ်ပြီးပြည့်စုံသွားခဲ့ပါပြီ" လို့ ဆိုခဲ့ပါတယ်။
ဝှီးချဲလ်ပေါ်မှာပဲ ထိုင်၊ လမ်းလျှောက်နိုင်ဖို့ကိုတောင် မနည်းရုန်းကန်ခဲ့ရပြီး ဘောလုံးကစားနိုင်မှာမဟုတ်တော့ဘူးလို့ ယူဆခံခဲ့ရသူတဦးက ဥရောပရဲ့ အမြင့်ဆုံးဆုဖလားကို ရယူနိုင်ခဲ့တာပါ။ ပြီးတော့ အဓိကကစားသမားအဖြစ်၊ ခြေစွမ်းကောင်းပြခဲ့သူအဖြစ်နဲ့ ရယူနိုင်ခဲ့တာမို့ တကယ်ထိုက်တန်တဲ့အောင်မြင်မှုကို သူ ဆွတ်ခူးနိုင်ခဲ့တာပါပဲ။