ဒီနေ့မှာတော့ မစ်ဒယ်ဝိတ်တန်းပွဲစဉ်အဖြစ် အောင်လအန်ဆန်နဲ့ သူ့ရဲ့ပြိုင်ဘက်ဟောင်းဗစ်တာလီဘစ်ဒက်ရှ်တို့ရဲ့ တတိယအကြိမ်မြောက်တွေ့ဆုံပွဲကို စင်ကာပူမှာ ကျင်းပခဲ့ပါတယ်။ ONE Championship : Full Circle ပြိုင်ပွဲရဲ့ အဓိကတွဲဆိုင်းတွေထဲကတတွဲဖြစ်ပြီး အနိုင်ရတဲ့သူက မစ်ဒယ်ဝိတ်တန်းခါးပတ်ကို စိန်ခေါ်နိုင်ခွင့်ရှိမှာမို့ အရေးပါတဲ့ ထိုးသတ်ပွဲဖြစ်ခဲ့ပါတယ်။
ပွဲစတာနဲ့ နှစ်ဦးစလုံးက အနိုင်ရဖို့အတွက် တိုက်စစ်ဖွင့်ထိုးသတ်ခဲ့ကြပြီး ကြည့်ကောင်းခဲ့ပါတယ်။ တယောက်အထာတယောက်သိနေတဲ့ ပြိုင်ဘက်တွေဖြစ်နေလို့လည်း ပွဲကပိုအကြိတ်အနယ်ရှိခဲ့ပြီး ဘစ်ဒက်ရှ်ကတော့ takedown တွေ လုပ်နိုင်ဖို့ကို ပိုအားစိုက်ခဲ့ပြီး အောင်လကို ဖိအားပေးခဲ့ပြီး ပထမအချီမှာ ခြိမ်းခြောက်မှုတွေလုပ်ပြသွားခဲ့ပါတယ်။ သူ့ရဲ့ takedown လုပ်မှုတွေက တော်တော်လေးကောင်းမွန်ခဲ့ပြီး အောင်လကို အခက်တွေ့စေခဲ့ပါတယ်။
ဒုတိယအချီမှာလည်း ဘစ်ဒက်ရှ်က takedown တွေကိုပဲ အားကိုးပြီး ထိုးသတ်ခဲ့ပါတယ်။ အောင်လကတော့ အကောင်းဆုံးရုန်းထွက်ပြခဲ့ပြီးတော့ ပြင်းထန်အားပါတဲ့လက်သီးချက်တွေကို ဘစ်ဒက်ရှ်ကို အထိနာစေခဲ့ပါတယ်။ နှစ်ယောက်စလုံးရဲ့ လက်သီးချက်တွေက ကိုယ်စီထိမှန်ခဲ့ပြီး အထိနာခဲ့ကြကာ အောင်လက body shot တွေ ပိုပြီးလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
အောင်လကတော့ အချီတိုင်းမှာ ဘစ်စ်ဒက်ရှ်ရဲ့ takedown လုပ်ခြင်းတွေကို ခံခဲ့ရပြီး ဒီရစ်ဒါကို ရှုံးနိမ့်ခဲ့တဲ့ အားနည်းချက်ကို မပြင်ဆင်နိုင်သေးဘူးလို့ ယူဆရပါတယ်။ ဘစ်ဒက်ရှ်ကသာ ချုပ်ကွက်ပိုင်းမှာ ပိုမိုကျွမ်းကျင်ခဲ့မယ်ဆိုရင် ဒုတိယအချီမှာကတည်းက အောင်လအန်ဆန်အရေးနိမ့်ခဲ့ဖွယ်ရှိပြီး ပြိုင်ဘက်ရဲ့ အားနည်းချက်ကြောင့်သာ သူ ပြန်ရုန်းကန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
၃ ချီအပြီးမှာတော့ အလဲထိုးနိုင်ခြင်းမရှိလို့ ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ခဲ့ရပါတယ်။ တပွဲလုံးမှာ တိုက်စစ်ဆင်ကစားသွားခဲ့ပြီး အောင်လအန်ဆန်ကို ဖိအားပေးနိုင်ခဲ့တဲ့ ဘစ်ဒက်ရှ်က ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားခဲ့ပြီး အောင်လနဲ့ နောက်ဆုံးအကြိမ်တွေ့ဆုံမှုမှာ ရှုံးနိမ့်ထားခဲ့မှုကို လက်စားပြန်ချေနိုင်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်းခါးပတ်ကို စိန်ခေါ်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။