ဒီနေ့မှာ ONE Championship ပြိုင်ပွဲရဲ့ Full Circle ပွဲစဉ်မှာ အဓိကတွဲဆိုင်းအဖြစ် ပြိုင်ဘက်ဟောင်းဘစ်ဒက်ရှ်နဲ့ ထိုးသတ်မယ့်ပွဲကို အနိုင်ယူဖို့ မျှော်လင့်ထားတယ်လို့ အောင်လအန်ဆန်က ပြောဆိုလိုက်ပါတယ်။ စင်ကာပူနိုင်ငံမှာ ထိုးသတ်မယ့်ပွဲဟာ သူတို့နှစ်ယောက်အတွက် တတိယမြောက်တွေ့ဆုံပွဲဖြစ်ပြီး အနိုင်ရမယ့်သူက မစ်ဒယ်ဝိတ်တန်းချန်ပီယံဒီရစ်ဒါကို စိန်ခေါ်ထိုးသတ်ခွင့်ရရှိမှာဖြစ်ပါတယ်။
"ဒီပွဲကိုတော့ ပထမနှစ်ပွဲထက် ပိုကောင်းတဲ့ပွဲကို အားလုံးကြည့်ရမှာပါ" လို့ အောင်လအန်ဆန်က ပြောဆိုခဲ့ပါတယ်။ ပထမနှစ်ကြိမ်တွေ့ဆုံခဲ့တုန်းက သူတို့နှစ်ဦးဟာ အပြန်အလှန်ခြိမ်းခြောက်နိုင်ခဲ့ကြတာဖြစပါတယ်။ ၂၀၁၇ ဇန်နဝါရီလတုန်းက ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီး အောင်လက အရေးနိမ့်ခဲ့ပေမယ့် နောက်ထပ် လအနည်းငယ်အကြာမှာ ထပ်မံရင်ဆိုင်ခဲ့ရပြီး အောင်လက ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ အောင်လအန်ဆန်က အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းခါးပတ်တွေကို ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဘစ်ဒက်ရှ်ကလည်း အောင်လကို ရှုံးကြွေးဆပ်ဖို့အတွက် အားခဲနေတာဖြစ်လို့ ဒီနေ့ညပွဲစဉ်ကတော့ ကြည့်ကောင်းမှာသေချာနေပြီး ခန့်မှန်းချေအရ သူတို့တွဲဆိုင်းဟာ မြန်မာစံတော်ချိန် ည ၇း၃၀ နာရီ ဒါမှမဟုတ် ၈း၀၀ နာရီလောက်မှာ ဖြစ်ဖွယ်ရှိပါတယ်။