မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဖြစ်ပါတယ်။

မနေ့က စင်ကာပူမှာ ကျင်းပခဲ့တဲ့ ONE Championship 159 ရဲ့ အဓိကတွဲဆိုင်းဖြစ်တဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံရှစ်ပွဲစဉ်မှာ လက်ရှိချန်ပီယံဒီရစ်ဒါက စိန်ခေါ်သူ ဘစ်ဒက်ရှ်ကို ပထမအချီမှာပဲ အနိုင်ရရှိပြီး သူ့ရဲ့ခါးပတ်ကို ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။ ရှုံးပွဲမရှိစံချိန်နဲ့အတူ ဒီရစ်ဒါက ချန်ပီယံဘွဲ့တွေကို ဆက်တိုက်ကာကွယ်နေတာဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းမှာ ပြိုင်ဘက်မရှိမင်းမူနေပြီလည်းဖြစ်ပါတယ်။ 

ပထမအချီ ၃ မိနစ်နဲ့ ၂၉ စက္ကန့်မှာပ​ဲ ဒီရစ်ဒါက ဘစ်ဒက်ရှ်ရဲ့ ခေါင်းကို ခြေထောက်နဲ့ ချုပ်ကာ အနိုင်ယူခဲ့ပြီး ဘစ်ဒက်ရှ်တယောက် ဘယ်လိုမှရုန်းမထွက်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပါတယ်။ အသက် ၃၁ နှစ်အရွယ် ဒီရစ်ဒါက သူ့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အောင်လအန်ဆန်၊ ဘစ်ဒက်ရှ်တို့ကို ချုပ်ကွက်တွေနဲ့ ဆက်တိုက်အနိုင်ယူပြီး ဝိတ်တန်းနှစ်ခုရဲ့ ချန်ပီယံဖြစ်လာခဲ့ကာ ချန်ပီယံဘွဲ့ကိုလည်း ဆက်တိုက်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ဒီရစ်ဒါက "ကမ္ဘာပေါ်က ဘယ်သူမဆို၊ ကမ္ဘာပေါ်က ဘယ်သူ့ကိုမဆို ကျနော် အဆုံးသတ်ပေးလိုက်မယ်၊ ကမ္ဘာပေါ်က ဘယ်သူ့ကိုမဆို ကျနော် လည်ပင်းကို ဖမ်းချုပ်ပစ်လိုက်မယ်" လို့ ဝံ့ကြွားပြောဆိုခဲ့ပါတယ်။ လိုက်ဟဲဗီးဝိတ်တန်းရဲ့ ချန်ပီယံလည်းဖြစ်တဲ့ ဒီရစ်ဒါက ဟဲဗီးဝိတ်တန်းဘုရင် Arjan Bhullar နဲ့ ကြားဖြတ်ချန်ပီယံ Anatoly Malykhin တို့ရဲ့ ခါးပတ်ပေါင်းစည်းပွဲက အနိုင်ရတဲ့သူနဲ့ ထိုးသတ်ဖို့လည်း အသင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ 

မနေ့ကပွဲစဉ်ရဲ့ အစောပိုင်းမှာ ဘစ်ဒက်ရှ်က ဒီရစ်ဒါကို လှဲချနိုင်ခဲ့ပြီး ချုပ်ကွက်နဲ့ အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် နယ်သာလန်သားက ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒီရစ်ဒါက ရုရှားဖိုက်တာကိုဖိအားပေးခဲ့ပြီး ခြေထောက်တွေနဲ့ လည်ပင်းကို မိမိရရချုပ်နိုင်ခဲ့ပါတယ်။ "ကျနော်ထင်ထားတာထက် နည်းနည်းစောပြီး ပွဲသိမ်းနိုင်ခဲ့တယ်၊ ဒါက လေ့ကျင့်ရေးမှာ ကျနော်အများကြီးလုပ်ခဲ့တဲ့ လှုပ်ရှားမှုတခုလည်းဖြစ်ပါတယ်" လို့ ဒီရစ်ဒါက ထပ်မံပြောဆိုခဲ့ပါတယ်။ 

အရပ်အမြင့် ခြောက်ပေနဲ့လေးလက်မရှိတဲ့ ဒီရစ်ဒါဟာ The Dutch Knight ဆိုတဲ့ နာမည်ပြောင်ကို ရရှိထားပြီး ကမ္ဘာ့အဆင့်မှာတော့ ၃၉ အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ၁၆ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဘွဲ့တွေကိုတော့ အောင်လအန်ဆန်ကို အနိုင်ယူကာ ရယူထားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က