ဆာအဲလက်စ် ဖာဂူဆန်နဲ့ ဝိန်း ရူနီတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အတူတူ ရှိနေခဲ့တဲ့ကာလတလျှောက်လုံး ဆက်ဆံရေး ကောင်းလိုက်၊ မကောင်းလိုက်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ အင်္ဂလန်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဆာ အဲလက်စ် ဖာဂူဆန်နည်းပြခဲ့တဲ့ကာလအတွင်း အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးး ဖြစ်ခဲ့တာဖြစ်ပေမယ့်လည်း စကော့လူမျိုးနည်းပြကြီးနဲ့ ပြဿနာဖြစ်ခဲ့တဲ့အချိန်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ထိပ်တန်းဂိုးသွင်းရှင်ဟာ ကစားသမားဘဝအစောပိုင်းတုန်းက မရှိနေသင့်ခဲ့တဲ့နေရာမှာ ရှိနေခဲ့တာကို နည်းပြကြီး ဖာဂူဆန် မိသွားခဲ့တဲ့ စိတ်ကသိကအောင့်ဖြစ်စရာအချိန်တွေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးဟာ အဲဗာတန်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် လီဗာပူးလ်မြို့နားက ဘီယာဆိုင်တစ်ဆိုင်မှာ မိဘတွေနဲ့ သွားတွေ့ခဲ့တာ ဖြစ်ပြီး အဲဒီ အဖြစ်အပျက်ကို ၎င်းရဲ့ စာအုပ်သစ်ဖြစ်တဲ့ Wayne Rooney: My Decade in the Premier League ထဲမှာ ပြန်ပြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။ "နည်းပြ တကယ်ကို တော်တဲ့လူတစ်ယောက်ပုံပေါ်ပေမယ့်လည်း နောက်တစ်နေ့မှာ ကျွန်တော် သူ့ရဲ့ ဂန္တဝင်ဆန်တဲ့ လွှမ်းမိုးမှုနဲ့ ပထမဆုံး နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရတယ်။ အဲဒါက သာယာတဲ့ညနေခင်းဖြစ်တာကြောင့် ကျွန်တော် မိသားစုနဲ့တွေ့ဖို့ ခရော်ကီကို ကားမောင်းထွက်ခဲ့တယ်"
"လမ်းပေါ်မှာပဲ ဘီယာဆိုင်က ကားပါကင်မှာ အမေနဲ့ အဖေ့ကို တွေ့ခဲ့ပြီး ကျွန်တော် နှုတ်ဆက်ဖို့ ကားကို ရပ်ခဲ့တယ်။ ကျွန်တော်တို့ နည်းနည်းပါးပါး သောက်ကြဖို့ ဆုံးဖြတ်ခဲ့ပြီးက ကျွန်တော့်အတွက်ကတော့ အဆီမတက်အောင်လုပ်ထားတဲ့ အချိုရည်ပေါ့။ ကျွန်တော် အဲဒီမှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲ ထိုင်ပြီး အိမ်ကို ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်နေ့အကြာမှာ နည်းပြက ကျွန်တော့်ကို သူ့ရုံးခန်းထဲလာခဲ့ဖို့ ခေါ်တယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ရုံးခန်းထဲ ခေါ်ခံရမှုပေါ့။ ဖာဂူဆန်က 'ဝိန်း မနေ့က မင်း ခရော့စ်တက်က ဘီယာဆိုင်မှာ ဘာတွေလုပ်နေခဲ့တာလဲ'ဆိုပြီး မေးခဲ့ပါတယ်"လို့ ရေးသားထားတာဖြစ်ပါတယ်။
ဆာအဲလက်စ် ဖာဂူဆန်ဟာ ကစားသမားတွေကို ထိန်းကျောင်းရာမှာ အလွန် စည်းကမ်းတင်းကြပ်သူအဖြစ် လူသိများကျော်ကြားခဲ့ပြီး နည်းပြဘဝကနေ အနားယူခဲ့တာ ၁၀ စုနှစ်တစ်ခုနီးပါးရှိနေပြီဖြစ်ပေမယ့်လည်း တသက်တာအကောင်းဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။