ပြီးခဲ့တဲ့မေလတုန်းက ဂတ် မူလာရဲ့ စံချိန်ကို ရိုက်ချိုးခဲ့ပြီးဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးဟာ ပြက္ခဒိန်တစ်နှစ်အတွင်း ဘွန်ဒက်စ်လီဂါဂိုးအများဆုံးသွင်းယူထားတဲ့ ဂတ် မူလာရဲ့ စံချိန်ကို ချိုးဖျက်ဖို့အတွက် ၂၀၂၁ ခုနှစ်အတွင်း ဘိုင်ယန်မြူးနစ်အတွက် ၄၃ ဂိုးမြောက် ဂိုးကို သွင်းယူခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပိုလန် တိုက်စစ်မှူးဟာ ဝုဘတ်အသင်းကို ၄-၀ နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပြီးခါနီး ၃ မိနစ်အလိုမှာ စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂျာမန်ဂန္တဝင်တိုက်စစ်မှူး ဂတ် မူလာရဲ့ တစ်နှစ်အတွင်း ဘွန်ဒက်စ်လီဂါသွင်းဂိုး ၄၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့စံချိန်ဟာ ၁၉၇၂ ခုနှစ်ကတည်းက တင်ရှိထားခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၅၀ နီးပါးကြာတဲ့အထိ ဘယ်သူမှ လိုက်မမီနိုင်ခဲ့တာဖြစ်ပါတယ်။



ဘိုင်ယန်မြူးနစ်အသင်းဟာ ဝုဘတ်နဲ့ကစားခဲ့တဲ့ သောကြာနေ့ညပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးကနေ ဒုတိယနေရာက ဒေါ့မွန်အသင်းကို ၉ မှတ်အထိဖြတ်ပြီး ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ရာသီရဲ့ ၄၁ ဂိုးမြောက်သွင်းဂိုးကို ရာသီရဲ့ နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့ပြီးနောက် မေလမှာ ဘိုင်ယန်မြူးနစ်ဂန္တဝင်တိုက်စစ်မှူး ဂတ် မူလာရဲ့ ၄၉ နှစ်ကြာ လိဂ်စံချိန်တွေထဲကတစ်ခုကို ချိုးဖျက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါပွဲ ၄၀၀ မြောက် ပါဝင်ကစားပေးခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကြယ်ပွင့် သောမတ်စ် မူလာက ဘိုင်ယန်မြူးနစ်အတွက် ပထမပိုင်း ၇ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၇ မိနစ်ခန့်အကြာမှာ အူပါမီကာနိုက ဒုတိယမြောက်ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လီရွိုင်း ဆာနေးက နောက်ထပ် ၂ မိနစ်အကြာမှာ အလွန်ကောင်းမွန်တဲ့ ကန်သွင်းချက်နဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ၃-၀ နဲ့ ဦးဆောင်နိုင်အောင် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၈၇ မိနစ်မှာတော့ ပြီးခဲ့တဲ့နိုဝင်ဘာလက ဘလွန်ဒေါဆုပေးပွဲမှာ ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ရှုံးနိမ့်ပြီး ဆုနဲ့ လွဲချော်ခဲ့ရတဲ့ လီဗန်ဒေါ့ဗ်စကီးက ဝုဘတ်ဂိုးသမား ကတ်စတီးယဲစ်ကို အနီးကပ် ပိတ်သွင်းယူပြီး ပြက္ခဒိန်တစ်နှစ်အတွင်း ဘွန်ဒက်စ်လီဂါသွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် နောက်ထပ် စံချိန်သစ် ရေးထိုးခဲ့ပါတယ်။

Share

က္က