မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့အပတ်မှာ ပေါ်တူဂီကြယ်ပွင့်ရဲ့ အကြီးမားဆုံးရည်မှန်းချက်ဟာ လီယွန်နယ် မက်ဆီထက် ဘလွန်ဒေါဆု ပိုမိုရရှိပြီး ကစားသမားဘဝကနေ အနားယူဖို့လို့ ပြောကြားခဲ့တဲ့ ဘလွန်ဒေါဆုပေးပွဲအကြီးအကဲ ပြင်သစ်မဂ္ဂဇင်း France Football အယ်ဒီတာချုပ် ပက်စ်ကယ် ဖီရီဟာ လူလိမ်လို့ ပြောကြားခဲ့ပါတယ်။
ပက်စ်ကယ် ဖီရီက ဘလွန်ဒေါ ဆုပေးပွဲမတိုင်မီ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ ၎င်းရဲ့ ကာလရှည် ပြိုင်ဘက်ဖြစ်ခဲ့တဲ့ မက်ဆီထက် ဘလွန်ဒေါဆု ပိုမိုရရှိပြီး ကစားသမားဘဝကို အဆုံးသတ်ချင်တယ်လို့ ပြောကြားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုက ဘလွန်ဒေါဆုပေးပွဲအကြီးအကဲရဲ့ ပြောကြားချက်ဟာ အလိမ်အညာသာဖြစ်ပြီး တနင်္လာနေ့ညမှာ ဆုပေးပွဲမတက်ခဲ့တာကို ဟုတ်သယောင်ယောင်နဲ့ လိမ်ညာနေဆဲဖြစ်တယ်လို့ အင်စတာဂရမ်အကောင့်မှာ ရေးသားခဲ့ပါတယ်။
"ပက်စ်ကယ် ဖီရီရဲ့ ပြောကြားမှုနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်တာက ကျွန်တော့်ရဲ့တစ်ခုတည်းသော ရည်မှန်းချက်က လီယွန်နယ် မက်ဆီထက် ရွှေဘောလုံးတွေ ပိုမိုရရှိပြီး ကစားသမားဘဝကို အဆုံးသတ်ချင်လို့ သူ ပြောခဲ့တာက အလိမ်အညာပါ။ ပက်စ်ကယ် ဖီရီက ကျွန်တော့်နာမည်ကို သုံးပြီး သူ့ကိုယ်သူနဲ့ သူ အလုပ်လုပ်နေတဲ့ အနေအထားကို လူတွေသိအောင် လုပ်ခဲ့တာပါ။ ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ဆုကို ပေးအပ်နေတဲ့လူတစ်ယောက်က အမြဲတမ်း French football နဲ့ ဘလွန်ဒေါကို လေးစားမှုရှိခဲ့တဲ့ တစ်စုံတယောက်ကို လုံးဝ မထီမဲ့မမြင် ပြုလုပ်ရာကျပါတယ်"
"ပြီးတော့ သူက ကျွန်တော် ဆုပေးပွဲကို တက်ရောက်နိုင်ခြင်းမရှိတာကို သူ ပြောတာ ဟုတ်သယောင်ယောင်နဲ့ ဒီနေ့အထိ လိမ်ညာနေတုန်းပါ။ ဆုရရှိခဲ့ပြီး အားကစားကို အထောက်အကူပေးနေတဲ့ ဆုရရှိသူကို ကျွန်တော် ဂုဏ်ပြုပါတယ်။ fair play ဆိုတာက ကျွန်တော့် ကစားသမားဘဝအစကနေ မျက်နှာမူခဲ့တဲ့အရာဖြစ်ပြီး အဲဒါကို ကျွန်တော် လုပ်ဆောင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်နဲ့ ကျွန်တော် ကိုယ်စားပြုတဲ့ကလပ်အတွက်ပဲ အမြဲတမ်း အနိုင်ယူပါတယ်။ ကျွန်တော့်ကိုယ်တိုင်အတွက်နဲ့ ကျွန်တော့်ကို အကောင်းဆုံးဖြစ်လာစေချင်တဲ့သူတွေအတွက်ပဲ အနိုင်ယူခဲ့တာပါ။ ဘယ်တုန်းကမှ ဘယ်သူတစ်ဦးတစ်ယောက်အပေါ် အနိုင်ယူလိုက်မယ်ဆိုပြီး မရှိခဲ့ပါဘူး"
"ကျွန်တော့် ကစားသမားဘဝမှာ အကြီးမားဆုံးရည်မှန်းချက်က ပြည်တွင်းနဲ့ နိုင်ငံတကာဖလားတွေကို ကျွန်တော် ကိုယ်စားပြုကစားပေးတဲ့ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ရယူပေးဖို့ပါပဲ။ ကျွန်တော့်ကစားသမားဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက်က ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာချင်တဲ့လူတိုင်းအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာဖို့ပါ။ ကျွန်တော့် ကစားသမားဘဝရဲ့အကြီးမားဆုံးရည်မှန်းချက်က ကမ္ဘာ့ဘောလုံးသမိုင်းမှာ ကျွန်တော့်နာမည်ကို ရွှေပေလွှာပေါ်မှာ ကမ္ဗည်းထိုးပြီး ချန်ထားနိုင်ခဲ့ဖို့ပါ"လို့ ရေးသားခဲ့ပါတယ်။