မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့တိုက်စစ်မှူး ဟာလန်းတစ်ယောက် (၂၀၂၃) ခုနှစ်ရဲ့ ဘလွန်းဒီအော်ဆုကို လွဲချော်ခဲ့ပေမယ့် အေးအေးဆေးဆေးရှိနေကြောင်း ပြောကြားလာပါတယ်။ မန်စီးတီးဟာ ဒီနေ့ညမှာ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာပါ။
ပြီးခဲ့တနင်္လာနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ ဆုပေးပွဲမှာ မက်ဆီက မဲအရေအတွက်နဲ့အတူ အခုလိုမျိုးပဲ သူ့အတွက် (၈) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးနဲ့အတူ သမိုင်းဝင် ဆုဖလားသုံးလုံးရရှိထားပြီး တစ်ရာသီအတွင်း (၅၂)ဂိုးသွင်းယူထားတဲ့ ဟာလန်းကလည်း ဒီဆုနဲ့ ထိုက်တန်ခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ မဲစနစ်အရ ဟာလန်း၊ အမ်ဘာပေတို့ကို ကျော်ပြီး မက်ဆီကသာ ဘလွန်းဒီအော်ဆုရှင်ဖြစ်သွားခဲ့တာပါ။ အဲ့ဒီအခြေအနေအပေါ်မှာ ပရိသတ်အချို့က မကျေမနပ်ဖြစ်နေကြပြီး ဟာလန်းရသင့်တယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်နေပါတယ်။
ဂွါဒီယိုလာကတော့ “မက်ဆီ၊ အမ်ဘာပေတို့နဲ့ အပြိုင် ဘလွန်းဒီအော်ဆုကို ဟာလန်း စိန်ခေါ်နိုင်ခဲ့တာ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ အဲ့ဒီညက မန်စီးတီးအတွက် ကောင်းမွန်တဲ့ ညတစ်ညပါပဲ။ မက်ဆီ၊ ဘွန်မာတီတို့ကိုလည်း ဂုဏ်ပြုပါတယ်။ ဒါက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဲ့ဒီစင်မြင့်ပေါ်ကို အကြိမ်ပေါင်းများစွာ ရောက်ဖူးတာ မဟုတ်ဘူးလေ”
“ဒါပေမယ့် ကျွန်တော်တို့ နောက်ဆုံးအကြိမ် အဲ့ဒီစင်ပေါ်တက်ခွင့်ရတုန်းကဆိုရင် ကျွန်တော်တို့က အရေးကြီးပုဂ္ဂိုလ်တွေဖြစ်ခဲ့ပါတယ်။ ဟာလန်းက ရှေ့ဆက်ပြီး ကစားသမားဘဝကို လျှောက်လှမ်းရဦးမှာပါ။ နောက်နှစ်ပေါ့ကွာလို့တွေးနိုင်ပါတယ်။ သူ ဘလွန်းဒီအော် ဆုပေးပွဲကို တက်ရောက်ခွင့်ရတဲ့အပေါ် တကယ်ကို ကျေနပ်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။