မက်ဆီဟာ ဒီနှစ်အတွင်း ကျင်းပမယ့် ဘလွန်းဒီအော်ဆုပေးပွဲမှာသာ ထပ်မံပြီး ဘလွန်းဒီအော်ရရှိခဲ့မယ်ဆိုရင် စံချိန်သစ်တစ်ခုကိုပါ တင်နိုင်မယ်လို့ သိရှိရပါတယ်။ ဒါကတော့ ဥရောပပြင်ပက ကစားသမားအနေနဲ့ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာမှာပါ။
(၂၀၂၃) ခုနှစ်အတွက် ဘလွန်းဒီအော်ဆုကို (၂၀၂၂) ခုနှစ် ဩဂုတ်လကနေ (၂၀၂၃) ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့အထိ စွမ်းဆောင်ရည်တွေကို ထည့်သွင်းတွက်ချက်မှာဖြစ်ပါတယ်။ မက်ဆီဟာ မနှစ်က ပီအက်စ်ဂျီမှာ အောင်မြင်မှုရရှိဖို့ ရုန်းကန်ခဲ့ရပေမယ့် အာဂျင်တီးနားနဲ့အတူ (၂၀၂၂) ခုနှစ် ကာတာကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မန်စီးတီးနဲ့အတူ ဆုဖလား (၃) လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ဂိုးသွင်းစံချိန်သစ်တွေ တင်နိုင်ခဲ့တဲ့ ဟာလန်း၊ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေတို့ကလည်း မက်ဆီနဲ့ အပြိုင် (၂၀၂၃) ခုနှစ် ဘလွန်းဒီအော်အတွက် ရေပန်းစားနေပါတယ်။ ဒါပေမယ့်လည်း ဆုပေးပွဲကျင်းပဖို့ နီးကပ်လာလေ၊ မက်ဆီကသာ ပိုမို ရေပန်းစားလေဖြစ်လာခဲ့ပါတယ်။
အရင်က ဘလွန်းဒီအော်ဆုကို ဥရောပကစားသမားတွေအတွက်သာ ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပေမယ့် (၁၉၉၅) ခုနှစ်မှာတော့ ဥရောပမှာ ကစားနေတဲ့ ကစားသမားအားလုံးကို ပေးအပ်ချီးမြှင့်ဖို့ ပုံစံပြောင်းခဲ့ပါတယ်။ မက်ဆီကလည်း အခု ဆုအတွက် အကဲဖြတ်မယ့် ကာလမှာ ပီအက်စ်ဂျီအတွက်လည်း ကစားပေးခဲ့တာကြောင့် ဒီဆုအတွက် အကျုံးဝင်နေဆဲဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီဟာ အခု အင်တာမိုင်ယာမီအတွက် ကစားပေးနေတာကြောင့် သူသာ (၂၀၂၃) ခုနှစ်ရဲ့ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ဥရောပပြင်ပကနေ ဒီဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်လာမှာပါ။ မက်ဆီဟာ ဘလွန်းဒီအော်ဆုကို (၇) ကြိမ် ဆွတ်ခူးထားပြီးဖြစ်ပြီး သူ့အတွက် (၈) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကိုလည်း မျှော်မှန်းခွင့်ရှိနေပြီဖြစ်ပါတယ်။