ပရဟိတအတွက် လေလံတင်ရောင်းချခဲ့တာပါ။

အယ်လ်နာဆာနဲ့ ပေါ်တူဂီလက်ရွေးစင် အသင်းတို့ရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူရရှိထားတဲ့ ဘလွန်းဒီအော်တစ်လုံးကို ပရဟိတအဖွဲ့အစည်းတစ်ခုထံ လှူဒါန်းဖို့အတွက် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ဘလွန်းဒီအော် (၅) လုံးအထိ ဆွတ်ခူးရရှိထားတဲ့ ကစားသမားပါ။



ရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၃) ခုနှစ်မှာ ရရှိထားတဲ့ ဘလွန်းဒီအော်ကို လေလံတင်​ ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ဘလွန်းဒီအော်ဟာ ရီးရဲလ်မက်ဒရစ်ဂန္တဝင်ကစားသမားကြီးအတွက် ကစားသမားဘဝမှာ ဒုတိယအကြိမ်မြောက် ရရှိခဲ့တဲ့ ဘလွန်းဒီအော်လည်း ဖြစ်ပါတယ်။
ဒီဘလွန်းဒီအော်ကို လေလံအောင်မြင်ပြီး ရရှိသွားခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ အစ္စရေးရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် အိုင်ဒန်အိုဖာဖြစ်ပြီး အဆိုပါ လေလံပွဲကိုတော့ လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ လေလံအောင်မြင်သွားတဲ့ စျေးကတော့ ယူရို (၆) သိန်းဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။

အဲ့ဒီနောက်မှာတော့ အိုဖာက အဆိုပါ ဘလွန်းဒီအော်ဆုနဲ့အတူ ဂျော့ချ်မန်ဒက်စ်နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ ဂျော့ချ်မန်ဒက်စ်ဟာ ရော်နယ်ဒိုရဲ့ အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်ပြီး ယူနိုက်တက်ကို တစ်ကျော့ပြန် ရောက်ရှိလာတဲ့အထိ ရော်နယ်ဒိုရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း ရီးရဲလ်မက်ဒရစ်ဂန္တဝင်ကြီး ဒီစတီဖာနိုဟာ သူရရှိခဲ့တဲ့ ဘလွန်းဒီအော်ဆုတွေကို ရောင်းချခဲ့ဖူးပါသေးတယ်။ ပထမအကြိမ်မှာတော့ ပေါင် (၆၀,၈၀၀) ၊ ဒုတိယအကြိမ်မှာတော့ ပေါင် (၅၄,၄၀၀) နဲ့ ရောင်းချခဲ့ဖူးတာဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က