ဘလွန်းဒီအော်အတွက် သူ့ရဲ့အမြင်ကို ဖာဒီနန်က ပြောကြားခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်းကြီး ရီယိုဖာဒီနန်က (၂၀၂၁) ဘလွန်းဒီအော်ဆုအတွက် ဂျော်ဂျင်ဟိုရဲ့နာမည် ရေပန်းစားနေတာက အဓိပ္ပာယ်မရှိဘဲ အံ့သြဖို့ကောင်းတယ်လို့ဆိုလာပါတယ်။ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တာပါ။



ဒါ့အပြင် နွေရာသီမှာကျင်းပခဲ့တဲ့ ယူရို- ၂၀၂၀ မှာလည်း အီတလီနဲ့အတူ ဗိုလ်စွဲခဲ့ပြီး ဥရောပစူပါဖလားကိုလည်း ချဲလ်ဆီးနဲ့အတူ ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဂျော်ဂျင်ဟိုကို ဘလွန်းဒီအော်အတွက် ထိုက်တန်တယ်လို့ ယုံကြည်နေတဲ့သူတွေရှိပြီး ဖာဒီနန်ကတော့ ဒါနဲ့ပတ်သက်လို့ သူ့ရဲ့ဆန့်ကျင်ဘက်အမြင်ကို ထုတ်ပြောလာခဲ့တာပါ။

ဖာဒီနန်က “ဂျော်ဂျင်ဟိုရဲ့နာမည်ထွက်နေတာ ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ သူက ချဲလ်ဆီးမှာလည်း အကောင်းဆုံးကစားသမားမဟုတ်ပါဘူး။ အီတလီမှာဆိုလည်း သူ့နာမည်က ပထမဆုံးနေရာမှာမရှိပါဘူး။ ခင်ဗျားတို့ ကျွန်တော်ပြောတာ နားထောင်ပါတယ်။ သူက အရမ်းကောင်းတဲ့ ကစားသမားဆိုတာ ဟုတ်ပါတယ်”

“ကျွန်တော် သူ့ကိုမလေးစားတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက ဒီလိုအနေအထားမျိုးနဲ့ ဘယ်လိုဖြစ်လို့ မက်ဆီ၊ ရော်နယ်ဒို၊ လီဝန်ဒေါစကီးတို့လို ဒီစာရင်းထဲပါလာရတာလဲ။ ချန်ပီယံလိဂ်ရသွားတဲ့ ချဲလ်ဆီးကိုကြည့်လိုက်ပါ။ အဲ့ဒီရာသီ ချန်ပီယံလိဂ်နောက်ဆုံး (၆) ပွဲမှာ (၅) ပွဲလောက်က ကန်တေ အကောင်းဆုံးပုံစံပြခဲ့တာပါ။ အဲ့ဒါကြောင့် ကျွန်တော် အံ့သြနေရတာပေါ့”

“ဂျော်ဂျင်ဟိုက ဆုဖလားကြီးနှစ်လုံးရခဲ့တာကို ကျွန်တော်သိတာပေါ့။ ဒါပေမယ့် ကျန်တဲ့ကစားသမားတွေကို ကျော်ပြီး သူ့ကို ထိပ်ဆုံးပို့လိုက်တာကတော့ အဓိပ္ပာယ်မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ (၂၀၂၁) အတွက် ဘလွန်းဒီအော်ဆုကို လီဝန်ဒေါစကီးသာ ရသင့်တယ်ဆိုတဲ့ သူ့ရဲ့အမြင်ကိုလည်း ဖာဒီနန်က အခုလိုပြောကြားခဲ့ပါသေးတယ်။

ဖာဒီနန်က “ဒီနှစ်ကတော့ လီဝန်ဒေါစကီးအတွက်ပါပဲ။ (၃၈) ပွဲမှာ (၅၆) ဂိုးပါဝင်ပတ်သက်ထားတယ်ဆိုတာ သိပ်ကောင်းပါတယ်။ ဒါရော်နယ်ဒို၊ မက်ဆီတို့ လုပ်ပြထားတဲ့ ကိန်းဂဏန်းတွေလိုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က