မက်ဆီက (၂၀၂၁) ဘလွန်းဒီအော်ကို သေချာပေါက်ရလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

(၂၀၂၁) အတွက် ဘလွန်းဒီအော်ဆုကို မက်ဆီရရှိသွားပြီဆိုတဲ့သတင်းတွေက တကယ့်ကို သောက်တလွဲသတင်းတွေပဲလို့ ဒီဆုကို ကမကထလုပ်ကျင်းပတဲ့ France Football ရဲ့ အယ်ဒီတာ ပါစကယ်ဖာရီက တုံ့ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မက်ဆီအနေနဲ့ (၂၀၂၁) ဘလွန်းဒီအော်ဆု ဆွတ်ခူးနိုင်မယ်ဆိုတာကို France Football က ကြိုတင်အကြောင်းကြားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။



ဒီအတွက်လည်း ဝေဖန်သံတွေမျိုးစုံထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်မှာ France Football ဘက်က တရားဝင်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ဂျာမန်နာမည်ကျော် Bild နဲ့တွေ့ဆုံရာမှာတော့ ဖာရီက “အခု နောက်ဆုံး (၁၀) ရက်အတွင်း ကျွန်တော်တို့ မြင်တွေ့ခဲ့သမျှ သတင်းတွေ (မက်ဆီ ဘလွန်းဒီအော်ရပြီဆိုတဲ့ သတင်းတွေကို ရည်ရွယ်သည်) က တကယ်ကို တုန်လှုပ်ချောက်ချားစရာကောင်းပြီး သောက်တလွဲ သတင်းတွေပါပဲ” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

(၂၀၂၁) ဘလွန်းဒီအော်ဆုကိုတော့ မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ ဂျော်ဂျင်ဟိုတို့က ဆွတ်ခူးနိုင်ဖို့ အဓိကရေပန်းစားနေတာပါ။ ဒါပေမယ့် ပွဲချိန်နီးကပ်လာတာနဲ့အမျှ ဂျော်ဂျင်ဟိုရဲ့ ရေပန်းစားမှုက သိသိသာသာ လျော့ကျသွားခဲ့ပြီး မက်ဆီ ဒါမှမဟုတ် လီဝန်ဒေါစကီးကသာ ဆွတ်ခူးမယ်လို့ အားလုံးက ယူဆထားတာပါ။

မက်ဆီဟာ ဒီဆုကို (၆) ကြိမ်အထိရရှိထားပြီးဖြစ်ပြီး ဒီနှစ်မှာသာ ထပ်ရခဲ့ရင် သူ့အတွက် (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုလည်းဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ ကိုဗစ်ကြောင့် ဆုပေးပွဲကို မကျင်းပခဲ့ဘဲ အဲ့ဒီအချိန်မှာ လီဝန်ဒေါစကီး သေချာပေါက်ဆွတ်ခူးရမှာလို့ ဘောလုံးအသိုင်းအဝိုင်းက ယုံကြည်ထားပါတယ်။

ဒီနှစ်မှာတော့ မက်ဆီက အာဂျင်တီးနားနဲ့အတူ နိုင်ငံလက်ရွေးစင်ဘဝ ပထမဆုံးဆုဖလားအဖြစ် ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် မက်ဆီရရှိဖို့ ပိုမိုရေပန်းစားလာခဲ့တာဖြစ်ပါတယ်။

ဒီဆုပေးပွဲကို လာမယ့် နိုဝင်ဘာ (၂၉)၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်း မက်ဆီပဲရမလား၊ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကို မြင်တွေ့ရမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Share

က္က