ပြင်သစ်နဲ့ရီးရဲယ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာဟာ လွန်ခဲ့တဲ့ (၅) နှစ်က ပြင်သစ်လက်ရွေးစင် အသင်းဖော် ဗယ်လ်ဘွေနာကို Sex Tape နဲ့ ခြိမ်းခြောက်ခဲ့မှုအတွက် ဆိုင်းငံ့ထောင်ဒဏ် (၁) နှစ်နဲ့ ဒဏ်ငွေ ပေါင် (၇၅,၀၀၀) တပ်ရိုက်ခံခဲ့ရကြောင်း သိရှိရပါတယ်။
ဘန်ဇီမာဟာ လွန်ခဲ့တဲ့ (၅) နှစ်၊ အာမေနီးယားနဲ့ ပြင်သစ်တို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲ မကစားခင်မှာ ဒီလိုလုပ်ရပ်မျိုးကို ပြုမူခဲ့တာပါ။ ကြားကာလမှာ ဘန်ဇီမာက သူ့ရဲ့လုပ်ရပ်ကြောင့် ပြင်သစ်လက်ရွေးစင်မှာ ရွေးချယ်မခံခဲ့ရပါဘူး။ ပြီးခဲ့တဲ့ ယူရိုမှသာ ပြိုင်ပွဲကြီးအဖြစ် ပြန်လည်ပါဝင်ကစားခွင့်ရရှိခဲ့ကာ နောက်ပိုင်းမှာတော့ လက်ရွေးစင်ရဲ့ အဓိကတိုက်စစ်မှူးဖြစ်လာခဲ့ပါပြီ။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့လကစလို့ ဘန်ဇီမာရဲ့ခြိမ်းခြောက်ငွေညှစ်ခဲ့တဲ့လုပ်ရပ်အတွက် ရုံးတင်စစ်ဆေးခံခဲ့ရပြီး အခုချိန်မှာတော့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာပါ။ ဘန်ဇီမာရဲ့ရှေ့နေကတော့ ဒီပြစ်ဒဏ်အတွက် စိတ်မကောင်းဖြစ်နေပြီး အယူခံဝင်သွားမယ်လို့ဆိုပါတယ်။
ဘန်ဇီမာရဲ့ရှေ့နေက “ဒီစီရင်ချက်အတွက် ကျနော်တို့ တော်တော်လေးကြေကွဲရပါတယ်။ ဒါကို အယူခံဝင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအယူခံဝင်ခွင့်ရဲ့ အမြင့်ဆုံးမျှော်လင့်ချက်က ဘန်ဇီမာကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘန်ဇီမာကတော့ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တာမျိုး မရှိဘူးလို့ အခိုင်အမာငြင်းဆိုပါတယ်။
ဗယ်လ်ဘွေနာဆီကို ခြိမ်းခြောက်တဲ့သူတွေဟာ မေးလ်ကတဆင့် ဒီ Sex Tape ကို ပြသကာ ငွေတောင်းခံခဲ့တာဖြစ်ပြီး ဗယ်လ်ဘွေနာကတော့ ငွေမပေးဘဲ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့တာပါ။ အခုဖြစ်ရပ်ကြောင့် ဘန်ဇီမာရဲ့ လက်ရွေးစင်ကစားသမားဘဝ အနာဂတ်ကို ရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်။
ဘန်ဇီမာဟာ လက်ရှိအချိန်မှာ ရီးရဲယ်မက်ဒရစ်အတွက်ရော၊ ပြင်သစ်အတွက်ရော ဂိုးသွင်းခြေစွမ်းပြသနေပြီး လာမယ့်နှစ်ဘလွန်းဒီအော်အတွက်သာမက နောက်နှစ် ဘလွန်းဒီအော်အတွက်ကိုပါ မျှော်လင့်နိုင်စွမ်းရှိတယ်လို့ သုံးသပ်မှုတွေရှိနေတာပါ။ ဒါပေမယ့် လက်ရှိဖြစ်ရပ်ကတော့ ဘန်ဇီမာကို ဘယ်လောက်အထိ ထိခိုက်စေမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။