ဘာနာဒိုဆေးလ်ဗားနဲ့ပတ်သက်လို့ ဂွါဒီယိုလာကပြောကြားခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့ရဲ့ ကစားသမား ဘာနာဒိုဆေးလ်ဗားက အရာအားလုံး လုပ်ပြနိုင်သည့်တိုင် ဘလွန်းဒီအော်ဆုကိုတော့ ဆွတ်ခူးနိုင်မှာ မဟုတ်တဲ့အကြောင်း၊ ကစားသမားအနေနဲ့ ဒီဆုကို ရဖို့အတွက် ဆိုရှယ်မီဒီယာပေါ်မှာ အမြဲတမ်း ကောင်းကောင်းလုပ်ပြဖို့ လိုအပ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။



မနေ့ညက ဘလွန်းဒီအော်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ပုံစနစ်တွေ ပြောင်းလဲခဲ့တဲ့နောက် ဂွါဒီယိုလာက ဒီလိုပြောကြားလာခဲ့တာဖြစ်ပါတယ်။ ဘလွန်းဒီအော်ဆုပေးပုံနဲ့ ပတ်သက်လို့ အတိတ်က အောင်မြင်မှုတွေကို ပြန်လည်ကြည့်ရှုမှာမဟုတ်ဘဲ ယေဘုယျအားဖြင့် တရာသီအတွင်း စွမ်းဆောင်ရည်ကိုသာ အသေးစိတ်ကျကျ သုံးသပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ ဂွါဒီယိုလာအတွက်လည်း အရေးပါတဲ့ ကစားသမားဖြစ်ပြီး အဆိုပါပေါ်တူဂီသားနဲ့ ပတ်သက်လို့တော့ ဂွါဒီယိုလာက အခုလိုပဲ ပြောကြားလာပါတယ်။ ဂွါဒီယိုလာက “ဘာနာဒိုဆေးလ်ဗားက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဟုတ်၊ မဟုတ် ကျနော် မသိပါဘူး။ ဂရုလည်းမစိုက်ပါဘူး”

“ကျနော်မြင်တာကတော့ သူက သိပ်အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားတယောက်ပဲဗျ။ ခံစစ်ကစားမလား၊ တိုက်စစ်ကစားမလား၊ ဘာပဲဖြစ်ဖြစ် သူက အရာရာတိုင်းကို အကောင်းဆုံး လုပ်ပြနိုင်တဲ့ ကစားသမားတယောက်ပါ။ ဒါပေမယ့် သူက ဘယ်တော့မှ ဘလွန်းဒီအော်ရမှာမဟုတ်ပါဘူး”

“ဘာဖြစ်လို့လဲဆိုတော့ ဘလွန်းဒီအော်လိုချင်ရင် ဆိုရှယ်မီဒီယာ ကောင်းကောင်းသုံးတတ်မှ၊ ဆိုရှယ်မီဒီယာပေါ်မှာ လှုပ်ရှားမှုတွေရှိနေမှ ရမှာပါ။ နိုင်ပွဲတွေရနေရုံနဲ့လည်း မပြီးပါဘူး။ ဒါပေမယ့် ဂိုးတော့ အများကြီး သွင်းပြဖို့ လိုအပ်တယ်ဗျ။ ဒီလိုမျိုး အရာတွေ ဘာနာဒိုဆေးလ်ဗားဆီမှာ မရှိဘူးလေ”

“တနေ့နေ့မှာ ဘာနာဒိုဆေးလ်ဗား ဘလွန်းဒီအော်ရသွားရင်တော့ ကျနော် ပျော်ရွှင်မိမှာပါ။ အခြားကစားသမားတွေအတွက် ပျော်ရွှင်ခဲ့ရသလို သူ့အတွက်လည်း ကျနော်တို့ ပျော်ရမှာပေါ့။ မန်နေဂျာတယောက်အနေနဲ့ ကျနော်ပြောရရင် ဘာနာဒိုဆေးလ်ဗားက အရာအားလုံးကို လုပ်ပြနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က