မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ရော်နယ်ဒိုဟာ ဘလွန်းဒီအောဆုနဲ့ လွဲချော်ခဲ့တဲ့အချိန်တွေမှာဆိုရင် ဒီဆုက သူနဲ့ နည်းနည်းပိုပြီးထိုက်တန်တယ်လို့ ပြောဆိုလေ့ရှိကြောင်း ဖွင့်ဟလိုက်ပါတယ်။ ရော်နယ်ဒိုကတော့ ဘလွန်းဒီအောဆုကို ၅ ကြိမ်အထိ ပိုင်ဆိုင်ထားသူဖြစ်ကာ သူ့ရဲ့ မဟာပြိုင်ဘက်ကြီး လီယွန်နယ်မက်ဆီနဲ့ ၂ ကြိမ်ကွာဟနေပါတယ်။
ပြင်သစ်သတင်းဌာန L'Equipe နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘာနာဒိုဆေးလ်ဗားက ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဘလွန်းဒီအောဆုကို နှစ်တိုင်းလိုလိုမှာ မျှော်လင့်ထားခဲ့တယ်ဆိုတာကိုလည်း သူ့ရဲ့ ပြောဆိုမှုကနေ သိရှိခဲ့ရပြီး တခြားသူ ရသွားချိန်မှာ ရော်နယ်ဒို ဘယ်လိုမျိုး ခံစားနေရလဲဆိုတာကို သူက အခုလိုပြောခဲ့ပါတယ်။
"သူ ဘလွန်းဒီအောဆုရတဲ့ နှစ်ကြိမ်၊ သုံးကြိမ်လောက်မှာ ကျနော်တို့ အတူတူရှိခဲ့ပါတယ်၊ အားလုံးက သူ့ကို ဝိုင်းဂုဏ်ပြုခဲ့ကြတယ်၊ သူ မရတဲ့နှစ်ဆိုရင်တော့ ကျနော်တို့လည်း မပျော်ရွှင်ကြတော့ဘူး၊ ဘာလို့လဲဆိုတော့ သူက အားလုံးရဲ့ ထိပ်ဆုံးမှာ ရှိချင်နေတဲ့သူ တယောက်လေ၊ သူကတော့ အားလုံးကို ပြောလေ့ရှိတာက ဒီဆုက ငါနဲ့ နည်းနည်းပိုပြီးထိုက်တန်တယ်လို့ ထင်တယ် ဆိုတာပဲ"
"သူက တကယ်ကို ပြိုင်ဆိုင်ချင်စိတ်ပြင်းပြတဲ့ ကစားသမားပါ၊ အားလုံးရဲ့ ထိပ်ဆုံးမှာလည်း သူက ရပ်တည်ချင်တဲ့ သူပါ" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၁၈ တုန်းက ဘလွန်းဒီအောဆုကို မိုဒရစ်ရယူနိုင်ခဲ့တဲ့နှစ်ကလည်း အဆိုပါနှစ်မှာ မက်ဆီသာ ဘလွန်းဒီအောဆုရခဲ့မယ်ဆိုရင် သူ ကစားသမားဘ၀ကနေပါ အနားယူမယ်လို့ ပြောဆိုခဲ့ဖူးသူဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှီမှာတော့ ဘာနာဒိုဆေးလ်ဗားက အဆိုပါအင်တာဗျူးအစီအစဉ်မှာ ဒီနှစ်အတွက် ဘလွန်းဒီအောဆုကို မက်ဆီကိုသာ ပေးမယ်လို့ ပြောဆိုခဲ့လို့ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကို ရော်နယ်ဒိုက unfollow လုပ်ခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်။