ကာရေဂါနဲ့ အွန်နရီက လီဝန်ဒေါစကီး ဘလွန်းဒီအော်ရသင့်တယ်လို့ ယူဆနေကြတာပါ။

ဒီနှစ် ဘလွန်းဒီအော်ဆုပေးပွဲ ကျင်းပမယ့်နေ့ရက်က တပတ်တောင် မလိုတော့ချိန်မှာ ကာရေဂါနဲ့အွန်နရီတို့ကတော့ လီဝန်ဒေါစကီးသာ ဘလွန်းဒီအော်ဆုကို ရသင့်တယ်လို့ တက်ညီလက်ညီပြောကြားလာပါတယ်။ ဘလွန်းဒီအော်ဆုပေးပွဲကိုတော့ လာမယ့် နိုဝင်ဘာ (၂၉)၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပမှာပါ။



ဒီဆုအတွက် ဂျော်ဂျင်ဟို၊ ကန်တေ၊ လီဝန်ဒေါစကီး၊ မက်ဆီ အစရှိသဖြင့် အသီးသီး ရေပန်းစားလာခဲ့ပြီး လက်ရှိအချိန်မှာတော့ လီဝန်ဒေါစကီးနဲ့ မက်ဆီကသာ အဓိကရေပန်းစားလာခဲ့ပါပြီ။ လီဝန်ဒေါစကီးဟာ မနှစ်က သေချာပေါက် ဘလွန်းဒီအော်ဆုရသင့်တဲ့ ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ဆုပေးပွဲ ကျင်းပခဲ့ခြင်းမရှိတာကြောင့် ဒီဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

ဝေဖန်သုံးသပ်ရေးသမားတွေအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါနဲ့ အွန်နရီတို့ကတော့ ဒီဆုနဲ့ပတ်သက်လို့ စိတ်တူကိုယ်တူရှိနေတယ်လို့ ဆိုရမှာပါ။ အွန်နရီက “ကျနော့်စိတ်ထင် မက်ဆီပဲ ရဦးမှာပါ။ ဘာလို့လဲဆိုတော့ သူက အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဆုဖလားကို ရခဲ့တယ်လေ။ ဒါပေမယ့် လီဝန်ဒေါစကီးက ဒီဆုနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ယောက်ပါ” လို့ ပြောကြားခဲ့ပါတယ်။

အွန်နရီရဲ့ ပြောစကားကိုတော့ ကာရေဂါက “ကျနော်လည်း လီဝန်ဒေါစကီးပဲ ထင်ပါတယ်။ သူရဖို့အတွက်လည်း ထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်။ လီဝန်ဒေါစကီးကိုပဲ ဘလွန်းဒီအော်အတွက် ရွေးချင်ပါတယ်။ ဒါပေမယ့် ခင်ဗျားပြောသလိုပဲ မက်ဆီပဲ ရသွားဦးမှာပါ”

“ဘာလို့လဲဆိုတော့ လူတွေက သူ နောက်ဆုံးတော့ အာဂျင်တီးနားအတွက် ဆုဖလားရယူပေးနိုင်ခဲ့ပြီဆိုတဲ့ ခံစားချက်မျိုးရှိနေကြတာလေ” လို့ ထောက်ခံပြောကြားပေးခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဂိုးသွင်းခြေစွမ်းပြနေသည့်တိုင် နိုင်ငံအသင်းနဲ့ အောင်မြင်မှုမရခဲ့ဘဲ မက်ဆီကတော့ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လီဝန်ဒေါစကီးသာ ဒီနှစ်မှာ ဘလွန်းဒီအော်ရခဲ့ရင် ဒါက သူ့အတွက် ပထမဆုံး ဘလွန်းဒီအော်ဖြစ်ပြီး မက်ဆီအတွက်ကတော့ ဒီနှစ်မှာသာ ထပ်ဆွတ်ခူးခဲ့ရင် သူ့အတွက် (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုလည်း ဖြစ်လာပါလိမ့်မယ်။

Share

Loading Next Article...
က္က