ဘလွန်းဒီအောဆန်ခါတင် ၃၀ ဦးစာရင်းကို မနေ့ကထုတ်ပြန်ခဲ့ရာမှာတော့ စပါးအသင်းက တောင်ကိုရီးယားကြယ်ပွင့်ဆွန်ဟောင်မင် ပါဝင်လာခဲ့ပါတယ်။ ဒါဟာ ဘလွန်းဒီအောဆုဆန်ခါတင်စာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့တဲ့ အာရှကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီက စပါးအတွက်ခြေစွမ်းပြခဲ့တဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆာလာနဲ့အတူ ပူးတွဲဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
အသက် ၃၀ အရွယ် တောင်ကိုရီးယားကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်လိဂ်သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်တနှစ်တာအကောင်းဆုံးအသင်းနဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုစာရင်းမှာ ဆန်ခါတင်စာရင်းတောင် မပါဝင်ခဲ့လို့ ဝေဖန်သံတွေဆူညံနေခဲ့ပြီး အခုအခါမှာတော့ ဆွန်ဟောင်မင်အတွက် ကျေနပ်လောက်စရာ ရွေးချယ်ခံရမှုဖြစ်လာခဲ့ပါတယ်။
စပါးနဲ့အတူ အောင်မြင်မှုကြောင့်လည်း ဆွန်ဟောင်မင်က ကမ္ဘာတဝှမ်းမှာ ပရိသတ်ဦးရေကြောက်ခမန်းလိလိတိုးပွားလာခဲ့ပါတယ်။ ရာသီပြီးဆုံးလို့ တောင်ကိုရီးယားကို ပြန်ချိန်မှာတော့ သူ့ကို သူရဲကောင်းတဦးလိုမျိုး ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။ တောင်ကိုရီးယားသမ္မတကိုယ်တိုင်ကလည်း အားကစားဆိုင်ရာအမြင့်ဆုံးဆုတံဆိပ်ကို ဆွန်ဟောင်မင်ဆီ ပေးအပ်ချီးမြှင့်ခဲ့တဲ့အထိ မျက်နှာပွင့်လန်းခဲ့ပါတယ်။
တောင်ကိုရီးယားမှာလည်း ဆွန်ဟောင်မင်ရဲ့ ပွဲစဉ်တွေကို အလေးထားစောင့်ကြည့်သူတွေ တိုးပွားလာခဲ့သလို သူ့ကိုအားကျပြီး ဘောလုံးသမားဖြစ်ချင်တဲ့ လူငယ်ကစားသမားတွေ အများအပြားထွက်ပေါ်လာပြီး ဘောလုံးကို ကြိုးစားလေ့ကျင့်နေတယ်လို့လည်း သိရပါတယ်။ ဆွန်ဟောင်မင်ကိုယ်တိုင်ကလည်း သူ့ဖခင်ကို ဦးစီးခိုင်းထားတဲ့ ဘောလုံးအကယ်ဒမီတခုဖွင့်လှစ်ထားပြီး တောင်ကိုရီးယားလူငယ်အများအပြားကို လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ပေးနေပါတယ်။