ဘလွန်းဒီအောဆု ဆန်ခါတင် ၃၀ ဦးစာရင်းမှာ မန်ချက်စတာယူနိက်တက်တိုက်စစ်မှူး ရော်နယ်ဒိုပါဝင်လာခဲ့ပေမယ့် မက်ဆီကတော့ ကျန်နေရစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ၇ ကြိမ်မြောက်ဆုကို စံချိန်တင်ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းမပြသနိုင်တဲ့ ဘောလုံးရာသီကို ကြုံတွေ့ခဲ့ရပြီး ဘလွန်းဒီအောဆုဆန်ခါတင်စာရင်းကပါ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီမှာ တော်တော်လေးရုန်းကန်နေခဲ့ရတာဖြစ်ပြီး လိဂ်သွင်းဂိုး ၁၀ ဂိုးတောင် ပြည့်အောင်မသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၂၄ ဂိုးအထိ ရရှိခဲ့ကာ သူ့ရဲ့သွင်းဂိုးတွေကြောင့်သာ ယူနိုက်တက်တို့ ထိပ်ဆုံး ၆ သင်းစာရင်းဝင်နိုင်ခဲ့တာဖြစ်ပါတယ်။
GT လို့အမည်ရတဲ့ ပရိသတ်တဦးက "မက်ဆီနဲ့ နေမာက ဆန်ခါတင်စာရင်းမှာတောင် မပါဘူးဆိုမှတော့ ဒီဆုက တရားဝင်အဆုံးသတ်သွားခဲ့ပါပြီ" လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တဦးကလည်း "သူတို့က ရော်နယ်ဒိုကိုကျ ထည့်ထားခဲ့ပြီး မက်ဆီကျမပါခဲ့ဘူး၊ သောက်ရေးမပါလိုက်တာကွာ၊ ဒါက ဓားပြတိုက်ယူလိုက်တာ၊ လေးစားမှုလုံး၀မရှိတာပဲ" လို့ ရေးသားခဲ့ပါတယ်။
မက်ဆီနဲ့အတူ ပီအက်စ်ဂျီအသင်းဖော်နေမာလည်း ဆန်ခါတင်အဆင့်မှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆုကိုတော့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘန်ဇီမာပဲ ရရှိမယ်လို့ ရေပန်းစားနေပြီး လက်ရှိအချိန်ထိလည်း သူက ပြိုင်ဘက်မရှိဖြစ်နေကာ ပြင်သစ်မြေမှာပြုလုပ်မယ့် ပြင်သစ်ဘောလုံးရဲ့ ဆုပေးပွဲမှာ ပြင်သစ်သားက ရရှိမယ်ဆိုရင်တော့ ဒါက ထူးခြားမှုတခုအဖြစ်နဲ့ မှတ်တမ်းတင်နိုင်မှာလည်းဖြစ်ပါတယ်။