ဘလွန်းဒီအောဆုရဲ့ ဆန်ခါတင်စာရင်းမှာ ဒီဆုကို အကြိမ်အများဆုံးရရှိထားသူအဖြစ်နဲ့ စံချိန်တင်ထားတဲ့ မက်ဆီကျန်နေရစ်ခဲ့ရတဲ့အကြောင်းရင်းကို ဆုရွေးချယ်ပေးအပ်တဲ့ အဖွဲ့အစည်းက ရှင်းလင်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ဆန်ခါတင်အယောက် ၃၀ စာရင်းမှာမပါဝင်ခဲ့ဘဲ ကျန်နေရစ်ခဲ့တာဖြစ်ပြီး ပြင်သစ်လီဂူးဖလားကိုရရှိခဲ့ပေမယ့် ပီအက်စ်ဂျီအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာက အဓိကအချက်ဖြစ်နေခဲ့ပါတယ်။
မက်ဆီက ပီအက်စ်ဂျီအတွက် ၁၁ သာဂိုးသွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ရာသီမှာ ၃၈ ဂိုးသွင်းယူပေးခဲ့တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တော်တော်လေးကွာဟနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီရာသီမှာတော့ သူက ပုံစံကောင်းပြသနေပြီး ၂ ပွဲကစားပြီးရာမှာ ၃ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ မက်ဆီမပါဝင်တဲ့အပေါ်မှာ ပရိသတ်အများအပြားက L'Equipe ဝက်ဘ်ဆိုက်မှာ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ သတင်းထောက်တဦးဖြစ်ပြီး ပရိသတ်တွေရဲ့ ဆက်သွယ်မေးမြန်းမှုတွေကို ဖြေကြားဖို့ တာဝန်ယူထားသူ အီမန်နူရယ်ဘိုဂျန်ကတော့ အခုလိုပဲ ရှင်းပြပြီး မေးခွန်းကို အဖြေပေးခဲ့ပါတယ်။
"မက်ဆီက ၁၅ နှစ်ဆက်တိုက် ပါဝင်ခဲ့ပြီး ဘလွန်းဒီအောဆု ၇ ကြိမ်တောင်ရခဲ့တာပါ၊ နောက်ဆုံးရွေးချယ်မှုမှာ သူ ဆုဖလားတွေရခဲ့တဲ့အခြေအနေကြောင့် အရမ်းကြီးလေးလံခဲ့ပါတယ်၊ မက်ဆီကို ဆန်ခါတင် ၃၀ ဦးစာရင်းထဲထည့်သွင်းဖို့ ဆွေးနွေးခဲ့မှုမှာတော့ သတ်မှတ်ထားတဲ့ စံနှုန်းအသစ်က သူ့အတွက် အဆင်မပြေခဲ့ပါဘူး"
"ကစားသမားရဲ့ ကစားသမားဘ၀တလျှောက်လုံးက စံသတ်မှတ်ချက်တွေကို ရယူတာမဟုတ်ပါဘူး၊ စည်းမျဉ်းအသစ်က ဘောလုံးရာသီတခုတည်းအပေါ်မှာ စံနှုန်းသတ်မှတ်ချက်ပြုလုပ်ထားပြီး ပြက္ခဒိန်နှစ်တနှစ်ထက်လည်း မရှည်ကြာပါဘူး၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က သူရခဲ့တဲ့ ကိုပါအမေရိကဖလားကို ထည့်သွင်းစဉ်းစားဖို့က မဖြစ်နိုင်ပါဘူး၊ ပြီးတော့ သူ့ရဲ့ ပဲရစ်ပထမဆုံးရာသီက အမြင်နဲ့ကိန်းဂဏန်းတွေအရ အရမ်းစိတ်ပျက်စရာကောင်းခဲ့တယ်ဆိုတာကို ဝန်ခံရပါလိမ့်မယ်" လို့ ဖြေရှင်းခဲ့ပါတယ်။
အခုတခေါက်ရွေးချယ်မှုမှာတော့ အေစီအတွက် ခြေစွမ်းပြပြီး စီးရီးအေဖလားရအောင်ကူညီပေးခဲ့သူ ရာဖေးလ်လွီအို၊ လိုက်ဇစ်တိုက်စစ်မှူးအန်ကွန်ကူ၊ အေဂျက်ဇ်တိုက်စစ်မှူးဟောင်းဟယ်လာတို့ ပါဝင်လာခဲ့တာက အံ့အားသင့်စရာအဖြစ်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးရာသီတရာသီတည်းအပေါ်မှာ မူတည်ပြီး ရွေးချယ်တာဆိုရင်တော့ သူတို့ပါဝင်လာခဲ့မှုက ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ဆိုရမှာပါ။