ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အနိုင်ကစားပြီး ၁၉၉၅ နောက်ပိုင်းမှာ ဘလွန်းဒီအောဆုကို ပထမဆုံးအကြိမ်ပြန်လည်ရရှိမယ့် အာဖရိကသားဖြစ်လာဖို့အတွက် မျှော်လင့်ထားတယ်လို့ လီဗာပူးလ်တိုက်စစ်မှူးမာနေးက ပြောဆိုလိုက်ပါတယ်။ ဘလွန်းဒီအောဆုရွေးချယ်မှုမှာ အာဖရိကသားတွေ အနှိမ်ခံနေရတာကို ချေဖျက်ဖို့ မာနေးက စိတ်အားထက်သန်နေတာလည်းဖြစ်ပါတယ်။
မာနေးဟာ ဆီနီဂေါနဲ့အတူ အာဖရိကဖလားဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ရအောင်လည်း စွမ်းဆောင်ပေးထားခဲ့ပါတယ်။ လီဗာပူးလ်နဲ့အတူ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလားကိုလည်း ဆွတ်ခူးထားခဲ့ပြီး အသင်းရဲ့ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေခဲ့ပေမယ့် ဘလွန်းဒီအောဆုအတွက်တော့ ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာက ရေပန်းအစားဆုံးဖြစ်နေပါတယ်။
မာနေးက "အဲဒါအမှန်ပဲလေ၊ ကျနော်ဘာများပြောနိုင်မှာမို့လဲ၊ ဝမ်းနည်းစရာပါ၊ ကျနော့်ဘ၀မှာ ရယူဖူးတဲ့ ဆုဖလားတွေထဲမှာ အာဖရိကဖလားက အကြီးမားဆုံးပါပဲ၊ ပြီးတော့ အာဖရိကကစားသမားတွေက ဂျော့ဝီယာ ဘလွန်းဒီအောဆုရပြီးနောက်မှာ ထပ်မရတော့ဘူး၊ ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲ၊ ဒီရာသီက ကျနော့်ရဲ့ ကစားသမားဘ၀အကောင်းဆုံးရာသီလို့လည်း ပြောနိုင်တယ်"
"ဘာလို့လဲဆိုတော့ ကျနော့်ဘ၀အတွက် အရေးကြီးဆုံးဖလားကိုရထားတယ်၊ ဒါက ကျနော်ကို ချန်ပီယံလိဂ်လိုပြိုင်ပွဲတွေမှာ ကစားနိုင်ဖို့ စိတ်ခွန်အားပေးပါတယ်၊ ကျနော်နဲ့ လီဗာပူးလ်အသင်းသားအားလုံးက ဒီရာသီကို ဆုဖလားအားလုံးဆွတ်ခူးဖို့အတွက်ဆိုပြီးစတင်ခဲ့တာပါ၊ ကျနော်တို့ ဖလား ၂လုံးရတယ်၊ ပရီးမီးယားလိဂ်ကိုတော့ လွဲချော်ခဲ့တယ်၊ ချန်ပီယံလိဂ်ဖလားရခဲ့ရင် ကျနော်နဲ့ အသင်းသားတွေအတွက် တကယ့်ထူးခြားမှုပါ"
"အနိုင်ရဖို့အတွက်လည်း ဘာမဆိုလုပ်သွားမှာဖြစ်ပြီး အဲဒီနောက် ဘလွန်းဒီအောဆုက ဘာဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့၊ ရခဲ့ရင်တော့ ကျနော့်အတွက် အပိုဆုပဲ၊ ကမ္ဘာပေါ်မှာ ကျနော်က အပျော်ရွှင်ဆုံးကစားသမားဖြစ်မှာပေါ့" လို့ ပြောဆိုသွားခဲ့ပါတယ်။