ဘလွန်းဒီအော်ဆုပေးပွဲအပြီးမှာ မက်ဆီတယောက် နေမကောင်းဖြစ်ခဲ့တာပါ။

အာဂျင်တီးနားနဲ့ PSG တိုက်စစ်ကစားသမား ပြီးခဲ့တဲ့တနင်္လာညက ဘလွန်းဒီအော်ဆုပေးပွဲမှာ သူ့ရဲ့ ကစားသမားဘဝအတွက် (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဒီဆုပေးပွဲအပြီးမှာ နေမကောင်းဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။



ဒီဆုပေးပွဲကို PSG အခြေစိုက်ရာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီဆုပေးပွဲ အခမ်းအနားကြီးအပြီးမှာ မက်ဆီတယောက် အစာအိမ်ပိုးဝင်တဲ့ရောဂါကို ခံစားခဲ့ရတာပါ။ ဒီသတင်းက PSG မှာ တဖြည်းဖြည်းခြေစွမ်းပြလာတဲ့ မက်ဆီနဲ့ အသင်းအတွက်ပါ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

မက်ဆီအနေနဲ့ PSG အတွက် နောက်ဆုံးကစားခဲ့တဲ့ (၂) ပွဲဆက်တိုက် ခြေစွမ်းပြနိုင်ခဲ့ပြီး ပထမဆုံး ပြင်သစ်လီဂူးသွင်းဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်သလို နောက်ဆုံးပွဲမှာလည်း PSG ရရှိခဲ့တဲ့ သွင်းဂိုး (၃) ဂိုးလုံးကို တပွဲတည်းမှာတင် ဟက်ထရစ်အနေနဲ့ဖန်တီးပေးနိုင်ခဲ့တာပါ။

မက်ဆီဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ကလပ်ပွဲစဥ် (၂) ပွဲဆက်တိုက်ကို လွဲချော်ခဲ့ရပြီးနောက် အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဥ်တွေကို ပါဝင်ကစားခဲ့တာကြောင့် ကလပ်ထက် လက်ရွေးစင်ကို ပိုမိုဦးစားပေးနေတယ်လို့ ဝေဖန်ခံခဲ့ရပါသေးတယ်။

လက်ရှိ PSG မှာ မက်ဆီအပြင် ကွင်းလယ်လူ ပါရီဒက်စ်ကလည်း ဒီလိုမျိုး အလားတူဝေဒနာကို ခံစားနေရတယ်လို့ သိရှိရပြီး အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို နှစ်ယောက်လုံး လွဲချော်ခဲ့ရပါတယ်။ PSG ဘက်ကလည်း “မက်ဆီနဲ့ပါရီဒက်စ်တို့ နှစ်ယောက်လုံး အစာအိမ်ရောဂါလက္ခဏာတွေကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေကို လွဲချော်ခဲ့ကြပါတယ်”

“ဗုဒ္ဓဟူး (ဒီနေ့) မှာ နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ” လို့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ PSG ဟာ လာမယ့် စနေညမှာ လန်းစ်နဲ့ အဝေးကွင်းပွဲအဖြစ် သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမှာ မက်ဆီ ပြန်လည်ပါဝင်လာနိုင်ဖို့အတွက် PSG ဘက်က မျှော်လင့်နေပါတယ်။ 

Share

က္က