လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ အဲဗာတန်နဲ့ ကစားမယ့် မာဆေးဆိုက်ဒ်ဒါဘီပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ (၂၀၂၁) ဘလွန်းဒီအော်ဆုပေးပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ခံစားချက်တွေကို ပြောပြသွားခဲ့ပါတယ်။ မနက်ဖြန်ညမှာ လီဗာပူးဟာ အဲဗာတန်ကို အဝေးကွင်းမှာ ပွဲကျပ်တပွဲအဖြစ် သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်တာပါ။
ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်လာခဲ့တဲ့ သတင်းထောက်က ဘလွန်းဒီအော်ဆုနဲ့ ပတ်သက်လို့ အမြင်ကို မေးမြန်းချိန်မှာတော့ ယာဂင်ကလော့ပ်က အီလည်လည်ကြီးနဲ့သာ အဖြေပေးသွားခဲ့ပါတယ်။ ဒီဆုအတွက် အဆင့်သတ်မှတ်ချက်မှာ ကလော့ပ်ရဲ့ အဓိက,ကစားသမား ဆာလာက အဆင့် (၇) သာရရှိခဲ့ပြီး ဒီအပေါ်မှာ ကလော့ပ်တယောက် ကျေနပ်ဟန်မရှိပါဘူး။
ယာဂင်ကလော့ပ်က “ကျနော့်ကို လာမမေးပါနဲ့။ ဒါ ခင်ဗျားအပြစ်နော်” ဆိုပြီး အရွှန်းဖောက်ရင်း သူ့ရဲ့ အမြင်ကို စတင်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ကလော့ပ်က “တကယ်လို့ ခင်ဗျားအနေနဲ့ ဆာလာကို ဘလွန်းဒီအော်မှာ အခုထက်ပိုပြီး အဆင့်တက်စေချင်တယ်ဆိုရင် ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အရင်ဆုံး စည်းရုံးလိုက်ပါဦးဗျာ”
“မက်ဆီရဲ့ ကစားသမားဘဝအတွက် ဒီဆုကို ခင်ဗျားကြိုက်တဲ့အချိန် အမြဲတမ်းပေးလို့ရပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးအတွက်တော့ ဒီနှစ်မှမဟုတ်ရင် နောက်နှစ်မှာ အလှည့်အပြောင်းတခုခုဖြစ်ဖို့ ခက်သွားပြီဗျ။ ဟုတ်ပါတယ်။ ဆာလာလည်း အခုထက်ပိုပြီး အဆင့်သတ်မှတ်ချက် ပိုကောင်းသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆာလာဟာ ဒီရာသီမှာ လီဗာပူးအတွက် အကောင်းဆုံးခြေစွမ်းတွေပြသနေပြီး လာမယ့် (၂၀၂၂) အတွက် ဘလွန်းဒီအော်ဆုကို အဓိကစိန်ခေါ်နိုင်လိမ့်မယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။
ဘလွန်းဒီအော်ဆုကို မက်ဆီရရှိတဲ့အပေါ်မှာလည်း ဘောလုံးလောကရဲ့ နာမည်ကြီးအချို့က ဝေဖန်နေကြပြီး ဘိုင်ယန်မြူးနစ်အတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ လီဝန်ဒေါစကီးက ဒီဆုနဲ့ ထိုက်တန်တယ်လို့ ဆိုနေကြပါတယ်။