ဆုတဆုရခဲ့ပေမယ့် လီဝန်ဒေါစကီးအတွက် စိတ်မသက်သာစရာဖြစ်ခဲ့ပါတယ်။

တနင်္လာနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ဘလွန်းဒီအော်ဆုပေးပွဲမှာ လီဝန်ဒေါစကီးအနေနဲ့ ဂတ်မူလာဆုကို ဆွတ်ခူးရရှိခဲ့ပေမယ့် ဒီဆုကို ဆွတ်ခူးအပြီး လီဝန်ဒေါစကီး စင်ပေါ်ရောက်ရှိနေချိန်မှာ ဒရော့ဘာအပါအဝင် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေက မလေးမစားပြုလုပ်ခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။



လီဝန်ဒေါစကီးဟာ တရာသီအတွင်း ကလပ်နဲ့နိုင်ငံအတွက် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တာကြောင့် အခုလိုပဲ တနှစ်တာအကောင်းဆုံး တိုက်စစ်မှူးဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ ဒါပေမယ့် သူ့အနေနဲ့ ဆုလက်ခံပြီး စင်မြင့်ပေါ်ကို ရောက်ရှိနေချိန်မှာ နောက်ခံ LED မှာ ဟာလန်းရဲ့ ပုံရိပ်တွေကို ဖော်ပြခဲ့သေးသလို ဒရော့ဘာကိုယ်တိုင်ကလည်း ဟာလန်းအကြောင်းကို ချီးကျူးပြောကြားနေခဲ့တာပါ။


လီဝန်ဒေါစကီးကတော့ ဒီလုပ်ရပ်အတွက် တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ခဲ့သည့်တိုင် ပရိသတ်တွေကတော့ အဆိုပါ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးကြီးအတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ ဒါ့အပြင် ဒီလိုမျိုးဖြစ်ပွားနေချိန်မှာ ရုပ်သံကင်မရာတွေက စင်အောက်မှာရှိတဲ့ ဒီဘရိုင်း၊ ဘန်ဇီမာတို့ကို ရိုက်ကူးပြခဲ့ပြီး သူတို့နှစ်ယောက်ကလည်း လီဝန်ဒေါစကီး ကြုံတွေ့နေရတဲ့ အခြေအနေအတွက် အံ့အားသင့်ရယ်မောနေခဲ့ရပါတယ်။

အထူးသဖြင့် ဂန္တဝင်တိုက်စစ်မှူး ဒရော့ဘာအနေနဲ့ ဒါမျိုးပြုလုပ်ခဲ့တဲ့တာက လီဝန်ဒေါစကီးအပေါ် လေးစားမှုမရှိတဲ့ လုပ်ရပ်အဖြစ် ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ ဟာလန်းဟာ လက်ရှိရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး (၂၀) ပြည့်မြောက်ခဲ့ပြီးတဲ့ ကစားသမားတယောက်ပါ။ ဒါ့အပြင် ပြီးခဲ့တဲ့နွေမှာ ဘိုင်ယန်မြူးနစ်တို့ ဟာလန်းကိုခေါ်ဖို့ ကြိုးစားခဲ့တာကြောင့် လီဝန်ဒေါစကီး အသင်းကနေ အတင်းအကျပ်ထွက်ခွာခဲ့တယ်လို့လည်း ဆိုကြပါတယ်။

လီဝန်ဒေါစကီးဟာ ဘလွန်းဒီအော်နဲ့ပတ်သက်လာရင် မကြာခဏ အခုလို မလေးမစား အလုပ်ခံရနေရတယ်လို့ အားလုံးက ယုံကြည်နေပါတယ်။ (၂၀၂၀) မှာ လီဝန်ဒေါစကီးက ဘလွန်းဒီအော်ဆုကို ရရှိဖို့ သေချာခဲ့ပေမယ့် ကိုဗစ်ကြောင့် ဆုပေးပွဲကို မကျင်းပဖြစ်ခဲ့ဘဲ လီဝန်ဒေါစကီးအတွက်လည်း ကစားသမားဘဝရဲ့ သမိုင်းမှတ်တိုင်တခုနဲ့ လွဲချော်ခဲ့ရပါသေးတယ်။ 

Share

Loading Next Article...
က္က