မက်ဆီရသွားတဲ့အပေါ် မကျေမနပ်ဖြစ်နေပုံပါပဲ။

ရော်နယ်ဒိုရဲ့အစ်မဖြစ်သူ ကေတီရာအေဗီရိုက ဘလွန်းဒီအော်ဆုကို ပူပူနွေးနွေး ဆွတ်ခူးထားတဲ့ မက်ဆီကို လှောင်ပြောင်သွားခဲ့ပြန်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ ဘလွန်းဒီအော်ဆုကို ပူပူနွေးနွေး ဆွတ်ခူးထားတာပါ။



ဒါဟာ သူ့အတွက်တော့ (၈) ကြိမ်မြောက် ဘလွန်းဒီအော်ဆုလည်း ဖြစ်ပြီး ပရိသတ်အချို့ကတော့ မက်ဆီ ဒီနှစ်မှာ ဘလွန်းဒီအော် မရသင့်တော့ဘူးလို့ ယူဆနေပါတယ်။ မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားရခဲ့တာကြောင့် အခုလိုမျိုး ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးနဲ့အတူ တစ်ရာသီအတွင်း ဆုဖလား (၃) လုံးရခဲ့တဲ့ ဟာလန်းက ဒီဆုနဲ့ ပိုမိုထိုက်တန်တယ်လို့ ယူဆသူတွေလည်း​ ရှိပါတယ်။ အဲ့ဒါကြောင့်လည်း ဒီအပေါ်မှာ ဝေဖန်သံအချို့ ထွက်ပေါ်နေပြီး မက်ဆီရဲ့ မဟာပြိုင်ဘက်ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုရဲ့အစ်မကပါ ဒီအကြောင်းကို ဝင်ရောက်လှောင်ပြောင်ခဲ့တာပါ။
အင်စတာဂရမ်မှာ ပရိသတ်တစ်ယောက်က ရော်နယ်ဒိုနဲ့ သူရရှိထားတဲ့ တစ်ဦးချင်းဆုတံဆိပ်ပုံတွေ ပါဝင်တဲ့ ဓာတ်ပုံကို တင်ထားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ “ဒါတွေက သူများပေးထားတာ မဟုတ်ဘူး၊ ကိုယ်တိုင်ယူထားတာ” ဆိုပြီး ကပ်ရှင်ရေးသားခဲ့ပါတယ်။ ဒါဟာ လတ်တလောမှာ အငြင်းပွားစရာတွေရှိနေတဲ့ မက်ဆီရဲ့ ဘလွန်းဒီအော်ဆုကို ထိုးနှက်ခဲ့တာဖြစ်ပြီး ကေတီရာက အဆိုပါပို့စ်ရဲ့ ကောမန့်မှာ လက်ခုပ်တီးနေတဲ့ အီမိုဂျီတွေကို ကောမန့်ဝင်ပေးခဲ့ပါတယ်။  
ရော်နယ်ဒိုရဲ့ အစ်မ ကေတီရာအနေနဲ့ မက်ဆီကို ဒါမျိုး ထိုးနှက်ခဲ့တာကလည်း အခုမှ မဟုတ်ပါဘူး။ မက်ဆီနဲ့ အာဂျင်တီးနားတို့ ချန်ပီယံဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကာတာကမ္ဘာ့ဖလားကိုလည်း “အဆိုးရွားဆုံးပြိုင်ပွဲ” အဖြစ် မှတ်ချက်ပြုပြီး ဝေဖန်သမုတ်ခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က