ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီမာဟာ (၂၀၂၂) ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် လက်ရှိကလပ် ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုပါဆုပေးပွဲမှာ ဘန်ဇီမာက သူ့ဘဝအတွက် ပထမဆုံးသော ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။
အသက် (၃၄) နှစ်အရွယ် အဆိုပါ ဗဟိုတိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဖလားလေးလုံးအောင်မြင်မှုအတွက် သူ့ရဲ့ သွင်းဂိုးတွေနဲ့ အကောင်းဆုံး ပါဝင်စွမ်းဆောင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ (၂၀၂၂) ရဲ့ ဘလွန်းဒီအော်ဆုကို အငြင်းပွားဖွယ်မရှိ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အနားယူမယ့် အစီအစဥ်နဲ့ ပတ်သက်လို့ ဘန်ဇီမာက အခုလိုပဲ ပြောပါတယ်။
ဘန်ဇီမာက “ကျနော် ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝကို အနားယူသွားမှာပါ။ ကျနော့်အတွက် အခြား ရွေးချယ်စရာမရှိပါဘူး။ ကျနော် လက်ရှိ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေဆဲပါ။ အခုချိန်မှာလည်း ခံစားချက်တွေ ကောင်းမွန်နေပါတယ်။ ပြီးသွားရင်ရော??? ကျနော် မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်က တနှစ်ချင်းစီကိုပဲ စဥ်းစားလို့ပါ”
“ကျနော် ခံစားချက်ကောင်းနေသေးရင် ဘောလုံးဆက်ကစားမှာပါ။ အဲ့ဒီလိုမှမဟုတ်တော့ဘူးဆိုရင်တော့ ကျနော်တို့ အားလုံး မြင်တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ကျနော်က ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း နှစ်နှစ် ကျန်ရှိပါသေးတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့တာဖြစ်ပါတယ်။ (၂၀၀၉) မှာ ရီးရဲလ်မက်ဒရစ်ကို စတင်ရောက်ရှိလာတဲ့ ဘန်ဇီမာဟာ အသင်းအတွက် (၃၂၈) ဂိုး သွင်းယူပေးပြီးပါပြီ။
တိုက်တိုက်ဆိုင်ဆိုင် သူ ဘလွန်းဒီအော်ဆုရရှိတဲ့နေ့မှာပဲ တချိန်တုန်းက ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ဟီဂွါအင်က မေဂျာလိဂ်မှာ ကစားသမားဘဝ နောက်ဆုံးပွဲကို ကစားပြီး အနားယူသွားခဲ့ပါတယ်။ ဘန်ဇီမာကတော့ လက်ရှိအနေအထားအရ အနားယူဦးမယ့်ပုံမပေါ်သေးပေမယ့် သူ့ရဲ့အနားယူမယ့် အစီအစဥ်နဲ့ ပတ်သက်လို့ ကြိုတင်ပြောကြားခဲ့တာဖြစ်ပါတယ်။