အာဆင်နယ် ကစားသမားဟောင်းကြီး အီယန်ရိုက်က မန်စီးတီးတို့ ဘဏ္ဍာရေးဆိုင်ရာ ပြစ်မှုပေါင်း (၁၁၅) ခုနဲ့ စွဲချက်တင်ခံထားရတဲ့အပေါ် ကစားသမားတွေအတွက်တော့ မျှတမှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄) နှစ်ဆက် ဆွတ်ခူးထားတာပါ။
ဒါပေမယ့်လည်း သူတို့က ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှု (၁၁၅) မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အသင်းလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက မန်စီးတီးသာ အမှန်တကယ် အရေးယူခံရရင် သူတို့ရထားတဲ့ ဆုဖလားတွေကို ရုပ်သိမ်းသင့်တယ်လို့ ဆိုနေကြတာပါ။
တကယ်လို့ ဒီလိုသာ ဖြစ်လာခဲ့ရင် ယူနိုက်တက်၊ လီဗာပူး၊ အာဆင်နယ်တို့က မန်စီးတီးရရှိထားတဲ့ ပရီးမီးယားလိဂ်ဖလားတွေကို လက်လွှဲယူခွင့် ရှိလာနိုင်ပါတယ်။ ဒါပေမယ့်လည်း အီယန်ရိုက်က “ကျွန်တော့်အထင် ဒါက တရားမျှတမှု မရှိပါဘူး။ မသေချာ မရေရာတဲ့ အရာတွေပါ။ ဒီအရာတွေက ကစားသမားတွေ စွမ်းဆောင်ထားတာကို ထိခိုက်စေတယ်ဆိုရင် မတရားပါဘူး”
“သူတို့ရဲ့ ဖလားသုံးလုံးအောင်မြင်တဲ့နှစ်က မှတ်တမ်း ရုပ်ရှင်ကို ကြည့်လိုက်ရင် သူတို့ စွမ်းဆောင်ခဲ့တာတွေ၊ ဒီအောင်မြင်မှုအတွက် ကြိုးစားအားထုတ်ခဲ့တာတွေက တကယ်ကို မယုံကြည်စရာပါပဲ။ ဒီစွဲချက်တွေက ကစားသမားတွေကိုပါ ထိခိုက်စေမယ်ဆိုရင်တော့ မမျှတတဲ့ ကိစ္စပါပဲ”
“ဒီတော့ မကြာခင်မှာပဲ ဒီပြဿနာကို သူတို့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက အသင်းအတွက် ပိုကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီရာသီအတွက် နောက်ထပ်ဆုဖလား မျှော်လင့်ချက် ကျန်သေးပြီး ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဖိုင်နယ်မှာ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။