လီဗာပူးလ်နောက်ခံကစားသမား ဗန်ဒိုက်ဟာ တနင်္ဂနွေနေ့က အာဆင်နယ်အသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်းက စွမ်းဆောင်ရည်ကြောင့် ဝေဖန်မှုတွေ အများအပြားခံခဲ့ရပါတယ်။
အာဆင်နယ်အသင်းရဲ့ အဖွင့်ဂိုးမှာ မာတင် အော်ဒီဂွါဒ်ပေးပို့လိုက်တဲ့ ဘောလုံးဟာ ဗန်ဒိုက်ရဲ့ ခြေထောက်နဲ့ ထိပြီး မာတီနယ်လီရဲ့ ပြေးလမ်းကြောင်းထဲ ရောက်ရှိသွားခဲ့ပြီး ဂိုးခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။
ဂါဘရီယဲလ် ဂျေဆူးစ်ရဲ့ ဒုတိယဦးဆောင်ဂိုးမှာလည်း ဗန်ဒိုက်ရဲ့ ပေါ့လျော့မှုကြောင့် ဘရာဇီးလ်တိုက်စစ်မှူးက ဒတ်ချ်နောက်ခံလူနဲ့ ရောဘတ်ဆန်တို့ကြားက နေရာလွတ်ထဲ ပြေးဝင် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ညနေ အန်းဖီးက နယ်သာလန် နောက်ခံလူရဲ့ စွမ်းဆောင်ရည်ကို Football Tweet လို့ အမည်ရတဲ့ တွစ်တာစာမျက်နှာက “ဗန်ဒိုက်ရဲ့ အရည်အသွေး ကျဆင်းသွားမှုက အမှန်တကယ် ရူးသွပ်ချင်စရာကောင်းတယ်။ လူတွေက သူ့ကို တယ်ရီ၊ ကွန်ပနီ၊ ရီယို၊ ဗီဒစ်တို့နဲ့ နှိုင်းယှဉ်ခဲ့ကြတာ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်ဂန္တဝင် နောက်ခံလူ ဂျေမီ ကာရေဂါကတော့ အဲဒီ ပြောဆိုမှုကို သဘောမတူခဲ့ဘဲ “ဗန်ဒိုက်က ထိပ်တန်းဗဟိုခံစစ်ကစားသမားဖြစ်ခဲ့တဲ့ ဗီဒစ်ထက် အများကြီး ပိုကောင်းတယ်။ ဒါပေမယ့် ခင်ဗျား တောရက်စ်နဲ့ ရင်ဆိုင်ခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကို မေ့သွားတာလား။ ရီယိုနဲ့ ဂျွန်တယ်ရီတို့က သူတို့ရဲ့ ကစားသမားဘဝမှာ ကစားသမားအားလုံးလိုပဲ ဆိုးရွားတဲ့ရာသီတွေရှိခဲ့ကြတယ်။ ဗန်ဒိုက်လည်း အခု ဆိုးရွားတဲ့ရာသီတစ်ခု ရှိနေတယ်။ ပရီးမီးယားလိဂ်ခေတ်သစ်မှာ ဗန်ဒိုက်လောက် အသင်းအပေါ်မှာ အကျိုးသက်ရောက်မှု ရှိခဲ့ဖူးတဲ့ ဗဟိုခံစစ်ကစားသမားတစ်ယောက်မှ မရှိပါဘူး”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။