အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကာတာကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဗန်ဟားလ်ကို ရည်ရွယ် လှောင်ပြောင်ခဲ့တဲ့ အောင်ပွဲခံဟန်အတွက် နောင်တရမိကြောင်း ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ အာဂျင်တီးနားအတွက် မက်ဆီက ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အဲ့ဒီတုန်းက ဖြစ်ရပ်နဲ့ ပတ်သက်လို့ မက်ဆီက “ကျွန်တော်က ကာတွန်းဇာတ်ကောင် တိုပိုဂီဂီယိုလိုမျိုး အောင်ပွဲခံခဲ့တာပါ။ ဒါက လက်နှစ်ဖက်ကို နားရွက်နားကပ်ပြီး အဲ့ဒီနေရာမှာရှိတဲ့သူကို ရည်ရွယ် လှောင်ပြောင်ခဲ့တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် ဒီလိုမျိုး အောင်ပွဲခံလိုက်ချိန်မှာ ကျွန်တော် အလိုလိုနေရင်း နောင်တရသွားပါတယ်”
“ချက်ချင်းတွေးမိလိုက်တာက ကိုယ့်ကိုယ်ကိုယ် အရူးကောင်ပဲ၊ သူတို့က သရေကျနိုင်သေးတယ် ဆိုပြီးတော့ပေါ့။ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ အာဂျင်တီးနားတို့ နယ်သာလန်ကို နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီးမှ ချေပဂိုးနှစ်ဂိုး ပေးခဲ့ရပါတယ်။