ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဆာဟာက အေဂျက်စ်နောက်ခံလူ တင်မ်ဘာကို ဗန်ဟားလ်စကားနားထောင်တာနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ တင်မ်ဘာဟာ လက်ရှိနွေရာသီစျေးကွက်မှာ ယူနိုက်တက်ကို သေချာပေါက် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ယူနိုက်တက်နဲ့ တန်ဟက်ခ်ကလည်း ဒီကစားသမားကို အရခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒါပေမယ့် နယ်သာလန်လက်ရွေးစင်နည်းပြ ဗန်ဟားလ်က တင်မ်ဘာအနေနဲ့ (၂၀၂၂) ကမ္ဘာ့ဖလားမှာ ပါဝင်လိုတယ်ဆိုရင် ပုံမှန်ပွဲထွက်ခွင့်ရဖို့ လိုအပ်ကြောင်း၊ ယူနိုက်တက်ကို ပြောင်းတာက အသိဥာဏ်ထူးချွန်တဲ့ လုပ်ရပ်မဟုတ်ကြောင်း ထောက်ပြခဲ့ပါတယ်။ ဗန်ဟားလ်ရဲ့ ဒီပြောစကားကို ကြားသိပြီးနောက် တင်မ်ဘာတယောက် အေဂျက်စ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဗန်ဟားလ်ဟာ ယူနိုက်တက်နည်းပြဟောင်းတယောက်ဖြစ်ပေမယ့် အသင်းနဲ့ပတ်သက်လို့ အာဃာတတွေရှိနေဆဲဖြစ်ပါတယ်။ ဒီလိုမျိုး တင်မ်ဘာဆုံးဖြတ်ချက်ပြောင်းလဲသွားတာနဲ့ ပတ်သက်လို့ ဆာဟာက “ဗန်ဟားလ်က ယူနိုက်တက်နည်းပြမဟုတ်တော့ဘူးလေ။ ဒီတော့ သူ့နိုင်ငံအသင်းက ကစားသမားကို သူ လွတ်လွတ်လပ်လပ် အကြံပေးနိုင်ပါတယ်”
“တကယ်လို့ ကစားသမားက လုံလောက်တဲ့သန်မာမှုရှိရင်တော့ သူ ယူနိုက်တက်ကို လာမှာပေါ့။ တကယ်လို့ တင်မ်ဘာက သူ့နိုင်ငံအသင်းနည်းပြ ပြောစကားကို နားထောင်ပြီး အေဂျက်စ်မှာ ဆက်နေရင်လည်း နေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက အရမ်းကြီး ယုံကြည်ချက်မရှိတဲ့ ကစားသမားတယောက်ဖြစ်နေလို့ပေါ့။ ဒါက ကစားသမားရဲ့ ဆုံးဖြတ်ချက်ပါ”
“နိုင်ငံလက်ရွေးစင်နည်းပြရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ တကယ်လို့ တင်မ်ဘာသာ ယူနိုက်တက်ကို လာချင်တယ်ဆိုရင် ကြိုဆိုခံရတာထက် ပိုတဲ့ ခံစားမှုမျိုးကိုရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ တင်မ်ဘာအစား အေဂျက်စ်ရဲ့ အခြားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။