ယူနိုက်တက်တို့ အေဂျက်စ်နောက်ခံလူ တင်မ်ဘာကို ခေါ်ယူဖို့ ကြိုးစားတဲ့အရေးက ကစားသမားရဲ့ စိတ်ပြောင်းမှုကြောင့် ပျက်ပြယ်ခဲ့ရပြီလို့ သတင်းထောက် ဗန်ဒါကရန်က ပြောပါတယ်။ တန်ဟက်ခ်ဟာ အေဂျက်စ်မှာ သူနဲ့လက်တွဲခဲ့တဲ့ အဆိုပါ နယ်သာလန်နောက်ခံလူကို ယူနိုက်တက်ဆီ တပါတည်းခေါ်ဆောင်လာဖို့ ကြိုးစားခဲ့တာပါ။
ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ပြီး ဒီအကြောင်းကိုလည်း ပြီးခဲ့တဲ့ ဇွန် (၁) မှာ ဗန်ဒါကရန်က ဖွင့်ဟခဲ့ဖူးပါတယ်။ ဗန်ဒါကရန်က တင်မ်ဘာဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ပြီး တန်ဟက်ခ်နဲ့အတူ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ ဒါပေမယ့် နယ်သာလန်လက်ရွေးစင် နည်းပြ ဗန်ဟားလ်ရဲ့ စကားတခွန်းက အရာအားလုံးကို ပြောင်းလဲစေခဲ့တာဖြစ်နိုင်ပါတယ်။
ဗန်ဟားလ်က တင်မ်ဘာကို ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ကိစ္စနဲ့ပတ်သက်လို့ သတိပေးခဲ့ပြီး ပွဲကစားချိန်မရရင် ကမ္ဘာ့ဖလားအိပ်မက်အဆုံးသတ်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစကားက တင်မ်ဘာအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ဗန်ဒါကရန်ကဆိုပါတယ်။ ဗန်ဒါကရန်က “ယူနိုက်တက်တို့ တင်မ်ဘာကိုခေါ်ယူရေးက အဆုံးသတ်သွားပါပြီ”
“ကစားသမားအတွက် စိတ်ပျက်စရာပါ။ ဒါပေမယ့် မက်ဂွိုင်းရားနဲ့ဗာရန်းတို့ရှိနေတာကြောင့်လည်း သူ ယူနိုက်တက်မှာ အပတ်တိုင်းပွဲထွက်ခွင့်မရနိုင်ပါဘူး။ တန်ဟက်ခ်က သူ့ကို အသင်းမှာ ဖြည်းဖြည်းချင်း အသားကျအံဝင်ဖို့၊ သင်ယူနိုင်ဖို့ စီစဥ်ထားတာပါ။ တင်မ်ဘာက သူယူနိုက်တက်ဆီ မလာနိုင်တဲ့အကြောင်းကိုလည်း တန်ဟက်ခ်ဆီ အသိပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် နယ်သာလန်လက်ရွေးစင်နေရာက ပိုမိုအရေးကြီးလို့ပါ” လို့ ပြောကြားခဲ့ပါတယ်။
ဗန်ဟားလ်ဟာ ယူနိုက်တက်နည်းပြဟောင်းတယောက်ဖြစ်ပြီး အသင်းဟောင်းအပေါ် အခဲမကျေဖြစ်နေသေးတာ သေချာပါတယ်။ အဲ့ဒါကြောင့်လည်း တင်မ်ဘာကို အခုလိုမျိုး သွယ်ဝိုက်အကျပ်ကိုင်ခဲ့ဟန်ရှိပြီး အေဂျက်စ်ကတော့ တင်မ်ဘာကို စာချုပ်သစ်ကမ်းလှမ်းဖို့ ချက်ချင်းပြင်ဆင်နေပြီဖြစ်ပါတယ်။