ဘိုလီဗီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရတော့မှာပါ။

လီယွန်နယ်မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားကစားသမားတွေဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘိုလီဗီးယားကို သွားကစားရာမှာ အောက်ဆီဂျင်ဗူးတွေ ကိုယ်စီ သယ်ဆောင်သွားခဲ့ရပါတယ်။ မနက်ဖြန်မှာ ကစားရမယ့်ပွဲအတွက် သူတို့ဟာ ဘိုလီဗီးယားကို ရောက်ရှိခဲ့ပြီဖြစ်ပြီး အောက်ဆီဂျင်ဗူး (Tube) တွေကို အသုံးပြုနေရတာကို တွေ့ရှိခဲ့ရပါတယ်။ 

ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၃၇ မီတာအမြင့်မှာရှိတဲ့ ကွင်းမှာ ကစားရမယ့်ပွဲအတွက် အာဂျင်တီးနားကစားသမားတွေဟာ သေချာပေါက်အခက်တွေ့တော့မှာဖြစ်ပါတယ်။ Estadio Hernando Siles ကွင်းဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဘောလုံးကွင်းတွေထဲက တကွင်းလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်ကွင်းလယ်လူ မက်အယ်လစ္စတာရဲ့ အောက်ဆီဂျင်ရှူနေတဲ့ပုံလည်းထွက်ပေါ်လာပြီး စပါးနောက်ခံလူ ရိုမီယိုကိုလည်း အောက်ဆီဂျင်ဗူးကိုင်ဆောင်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဖီဖာဟာ ပုံမှန်အားဖြင့် မီတာ ၂၅၀၀ ထက် ပိုမြင့်တဲ့ကွင်းမှာ ဘောလုံးပွဲတွေ မလုပ်ဖို့အတွက် ကန့်သတ်ထားပေမယ့်လည်း ဒီကွင်းကိုတော့ အထူးကင်းလွတ်ခွင့်ပေးခဲ့ရတာပါ။

ဒီကွင်းမှာပဲ ဘိုလီဗီယားဟာ ရာသီဥတုနဲ့ ပထဝီဝင်အနေအထားကို အားသာချက်အဖြစ် ရယူပြီး ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့လို နာမည်ကျော်အသင်းတွေကို အနိုင်ကစားနိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒီကွင်းမှာ မကစားဖို့အတွက် တောင်းဆိုမှုတွေ ရှိခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။ လာရောက်ကစားရတဲ့အခါမှာလည်း ကစားသမားတွေဟာ အောက်ဆီဂျင် mask တွေ တပ်ဆင်ပြီး လေ့ကျင့်ရတာမျိုးတွေ လုပ်ရပါတယ်။ 

အခု ကစားမယ့်ပွဲမှာလည်း အာဂျင်တီးနားကစားသမားတွေဟာ ပွဲကစားချိန်အတွင်း အသက်ရှူမ၀တာ၊ မောပန်းလွယ်တာတွေကို ရင်ဆိုင်ရဖွယ်ရာရှိပါတယ်။ ဘိုလီဗီးယားတို့ ဒါကို အခွင့်ကောင်းယူပြီး ကမ္ဘာ့ဖလားချန်ပီယံကို အနိုင်ကစားနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ 

Share

Loading Next Article...
က္က