၎င်းရဲ့မှတ်ချက်စကားကြောင့် ကိုယ့်ဘာသာကိုယ် အရှက်မိခဲ့သလို လီဗာပူးလ်ဂန္တဝင်ရဲ့ မိသားစုကိုလည်း တောင်းပန်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ကိစ္စကို ဆွေးနွေးရာမှာ လီဗာပူးလ်ဂန္တဝင် စတီဗင် ဂျရတ်ရဲ့ခြေချော်လဲမှုကို ထည့်သွင်းပြောဆိုမိခဲ့ပြီးနောက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်မှုအတွက် စွဲချက်တင်ခံထားရတဲ့အပေါ်မှာ ၎င်းရဲ့ ထင်မြင်ချက်ကို မျှဝေခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်သတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးနဲ့ပွဲစဉ်တုန်းက စတီဗင် ဂျရတ်ရဲ့ လူသိများကျော်ကြားတဲ့ ခြေချော်လဲကျမှုကို ကိုးကားပြောဆိုခဲ့တာဖြစ်ပါတယ်။ အသင်းကို အပြင်းအထန် စိတ်အားထက်သန်စွာ ကာကွယ်ပြောဆိုမှု ပြုလုပ်ခဲ့တဲ့အချိန်အတွင်း ဂွါဒီယိုလာက "ကျွန်တော်တို့ စတီဗင် ဂျရတ် ခြေချော်လဲခဲ့တဲ့အတွက်ရော တာဝန်ရှိလားဆိုတာ မသိပါဘူး။ အန်းဖီးမှာ အဲဒီကိစ္စဖြစ်ခဲ့တာကို ခင်ဗျား သိတယ်မလား။ ကျွန်တော် စတီဗင် ဂျရတ်ကို မလေးမစားပြုမူသလို မဖြစ်ချင်ပေမယ့် သူခြေချော်လဲပြီး ဖလားမရတာ ကျွန်တော်တို့ အမှားလား"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီးနည်းပြဟာ အင်္ဂါနေ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စတီဗင် ဂျရတ်ကို တောင်းပန်ခန်းနဲ့ စတင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့မှတ်ချက်စကားကြောင့် ကိုယ့်ဘာသာကိုယ် အရှက်မိခဲ့သလို လီဗာပူးလ်ဂန္တဝင်ရဲ့ မိသားစုကိုလည်း တောင်းပန်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးတိုက်ပွဲမတိုင်ခင် ဂွါဒီယိုလာက "သူနဲ့ပတ်သက်ပြီး နောက်ဆုံးတစ်ကြိမ် ကျွန်တော့်ရဲ့ မလိုအပ်ဘဲ ရူးမိုက်တဲ့မှတ်ချက်စကားအတွက် စတီဗင် ဂျရတ်ကို ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် သူ့ကစားသမားဘဝနဲ့ ကျွန်တော်နေထိုင်ပြီး လေ့ကျင့်နေတဲ့ ဒီနိုင်ငံအတွက် သူလုပ်ပေးခဲ့တာတွေအတွက် သူ့ကို ဘယ်လောက်လေးစားတယ်ဆိုတာ သူ သိပါတယ်။ ကျွန်တော် ပြောခဲ့တာတွေအတွက် ကိုယ့်ကိုကိုယ် အရှက်ရမိပါတယ်။ ဘာလို့လဲဆိုတော့ သူက အဲဒီလို ပြောဖို့ မထိုက်တန်ခဲ့လို့ပါ။ ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ မှတ်ချက်က ကျွန်တော့်အသင်းကို ကာကွယ်ဖို့သက်သက်ဆိုတာ ယုံကြည်ပေမယ့် ဒီလို ရူးမိုက်တဲ့မှတ်ချက်မှာ သူ့နာမည်ကို ထည့်ပြောခဲ့တာက ကျွန်တော့်ရဲ့အသင်းကို ကိုယ်စားမပြုခဲ့ပါဘူး။ ကျွန်တော်သူ့ကို ပုဂ္ဂိုလ်ရေးအရ တောင်းပန်ခဲ့ပေမယ့် ကျွန်တော် ဒီမှာလည်း ပြန်တောင်းပန်မှာပါ။ ကျွန်တော် သူ့အတွက်၊ သူ့ဇနီး အဲလက်စ်၊ ကလေးတွေ၊ မိသားစုတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှတ်ချက်က ရူးမိုက်ရာကျခဲ့လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က