ဒီတပတ်ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ထဲက လွတ်မြောက်အောင် ရုန်းကန်နေရတဲ့ ဘုန်းမောက်နဲ့ ကစားရမယ့်အပေါ်မှာ သတိထားဖို့ သူ့ကစားသမားတွေကို လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က သတိပေးလိုက်ပါတယ်။ ဘုန်းမောက်ဟာ ပြီးခဲ့တဲ့ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ကို ကောင်းကောင်းကြီးဒုက္ခပေးနိုင်ခဲ့ပြီး နောက်ဆုံးမိနစ်သွင်းဂိုးကြောင့်သာ အရေးနိမ့်ခဲ့ရတဲ့အပေါ် ကလော့ပ်က သတိထားနေတာဖစြ်ပါတယ်။
ဘုန်းမောက်ဟာ အာဆင်နယ်ကို ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရတာပါ။ တန်းဆင်းဇုန်တိုက်ပွဲအတွက် အသားကုန်တိုက်ပွဲဝင်လာမယ့် ဘုန်းမောက်ကြောင့် သူ့အသင်းအနေနဲ့ ဘယ်လိုအာမခံချက်မျိုးမှ မရှိဘူးလို့လည်း ကလော့ပ်က ပြောဆိုခဲ့ကာ အာဆင်နယ်တောင် ကံကောင်းလို့ အနိုင်ရခဲ့တာဖြစ်တယ်လို့ သူ့ကစားသမားတွေကို ပြောဆိုခဲ့ပါတယ်။
ဒီပွဲနဲ့ပတ်သက်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က "ပြီးခဲ့တဲ့ရက်အနည်းငယ်က ဘုန်းမောက်ကစားတာကို ကျနော်ပြန်ကြည့်ဖြစ်ပါတယ်၊ သူတို့ကစားပုံမျိုးက တဖက်အသင်းတိုင်းအတွက်တော့ တကယ်ကို စိတ်မသက်မသာဖြစ်ရပါတယ်၊ အာဆင်နယ်နဲ့ကစားခဲ့တဲ့ နောက်ဆုံးပွဲဆိုရင် အားလုံးမြင်တွေ့ခဲ့ကြရမှာပါ"
"အာဆင်နယ်က ဘယ်လောက်တောင်မှကောင်းနေလဲ၊ တကယ်ကောင်းတဲ့ အခိုက်အတန့်ကိုရောက်နေတဲ့ အသင်း၊ ဒါပေမယ့် သူတို့ ရုန်းကန်သွားခဲ့ရတာကို တွေ့ကြမှာပါ၊ နောက်ကျအနိုင်ဂိုးသွင်းတဲ့သူက ထိုက်တန်တဲ့နိုင်ပွဲရတယ်ဆိုရင်တောင် ဒါက ကံကောင်းလို့ပါပဲ၊ ဘုန်းမောက်က ရူးသွပ်နေတဲ့ပုံစံမျိုးနဲ့ ကစားမယ်ဆိုတာ ရာနှုန်းပြည့်သေချာပါတယ်၊ ဒါကို ကျနော်တို့ မျှော်လင့်ထားရပါမယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဒီရာသီ ပထမအကျော့မှာ တွေ့ခဲ့ရတုန်းကတော့ အန်ဖီးလ်မှာ လီဗာပူးလ်က ၉-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးလ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားထုတ်နေရတာဖြစ်လို့ ဒီပွဲကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပါတယ်။