ကာရေဂါနဲ့ ဆောင်းနက်စ်ကိုလည်း ပြန်လည်ထိုးနှက်မှုတွေ လုပ်သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ယူနိုက်တက်ကို လီဗာပူးလ်က ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဂရေမီဆောင်းနက်စ်နဲ့ ဂျင်မီကာရေဂါတို့က ရွိုင်ကိန်း နဲ့ နဗီးလ်တို့ကို စော်ကားအောင်ပွဲခံခဲ့တယ်လို့ ပြောဆိုလိုက်ပြီး လီဗာပူးလ်တို့ ဘုန်းမောက်ကို အရေးနိမ့်ခဲ့တာဟာ အသင်းငယ်လေးစိတ်ဓာတ်ကို ပြသခဲ့တာပဲလို့ ပြန်လည်ထိုးနှက်သွားခဲ့ပါတယ်။ 

လီဗာပူးလ်ဟာ ယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရခဲ့ပေမယ့် နောက်တပွဲမှာ ဘုန်းမောက်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဖာဒီနန်က သူ့ရဲ့ FIVE podcast က တဆင့်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကာ ကာရေဂါတို့အနေနဲ့လည်း ကိုယ့်ကိုကိုယ်ရှက်သင့်တယ်လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

"လီဗာပူးလ်တို့ ဘုန်းမောက်ကို ရှုံးခဲ့တာက အသင်းငယ်လေးရဲ့ စိတ်ဓာတ်ပိုင်းပဲ သူတို့မှာရှိတယ်ဆိုတာကို ပြသလိုက်တာပဲဗျ၊ အသင်းငယ်လေးရဲ့ အော်သံပေါ့ဗျာ၊ ကာရေဂါနဲ့ ဆောင်းနက်စ်တို့ဆိုရင် နဗီးလ်နဲ့ ရွိုင်ကိန်းကို စော်ကားမော်ကားလုပ်ပြီးတော့ အောင်ပွဲခံခဲ့ကြတယ်၊ အဲဒါပြီးတော့ ဘာဖြစ်သွားလဲ၊ သူတို့အသင်းက နောက်တပတ်မှာ ရှုံးတော့တာပဲလေ၊ သူတို့တွေ ကိုယ့်ကိုကိုယ်ပြန်ရှက်သင့်တယ်ဗျ" လို့ ဖာဒီနန်က ဆိုပါတယ်။ 

လီဗာပူးလ်ကတော့ ဘုန်းမောက်ကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် စပါးကို အမီလိုက်နိုင်မယ့် အခွင့်အရေးဆုံးရှုံးခဲ့ကာ ၆ မှတ်အထိ ပြန်ကွာဟသွားခဲ့ပါတယ်။ သူတို့အသင်းရဲ့ ခြေစွမ်းအပြောင်းအလဲ မြန်ဆန်မှုကလည်း အံ့အားသင့်စရာကောင်းခဲ့ပြီး မိုဟာမက်ဆာလာကလည်း ချေပဂိုးရနိုင်မယ့် ပင်နယ်တီကို လွဲချော်ခဲ့လို့ စိတ်ပျက်စရာပိုကောင်းခဲ့ရတာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က