မန်စီးတီးတို့ အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

မန်စီးတီးကတော့ ဂွါဒီယိုလာပြောထားတဲ့အတိုင်းပဲ ဒီပွဲမှာ လူစုံတက်စုံပဲ ဆက်လက်အသုံးပြုခဲ့ပါတယ်။ နောက်တန်းမှာ လာပေါ့တ်၊ ကန်ဆယ်လို၊ စတုန်းစ်တို့ပါဝင်ခဲ့သလို ကွင်းလယ်နဲ့ တိုက်စစ်မှာလည်း ဒီဘရိုင်း၊ ဂွန်ဒိုဂန်၊ ဖိုဒန်၊ ဟာလန်းတို့နဲ့ အင်အားအပြည့် ပွဲထွက်ခဲ့တာဖြစ်ပါတယ်။



ဘရန့်ဖို့ဒ်ကတော့ သူတို့ရဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ တိုနေး၊ အမ်ဘူမို၊ ဘန်မီးမ်၊ ဒေးဗစ်ရာယာတို့ကို အမာခံထားပြီး မန်စီးတီးကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ပါတယ်။ ပွဲစတာနဲ့ မန်စီးတီးတို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုးရခဲ့တာကတော့ ဘရန့်ဖို့ဒ်ဘက်က ဖြစ်ခဲ့ပါတယ်။ ဒီဂိုးကို ပြစ်ဒဏ်ဘောကတဆင့် ရရှိခဲ့တာပါ။

ဘန်မီးမ်ခေါင်းတိုက်ချပေးလိုက်တာကို တိုနေးက ထပ်ဆင့်ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။ တိုနေးကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်ကနေ ချန်လှပ်ခံရပြီးနောက်ပိုင်း ပထမဆုံးပွဲမှာတင်ပဲ မန်စီးတီးဘက်ကို ဂိုးသွင်းယူပြခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မန်စီးတီးက တိုက်စစ်ကို ပိုမိုအရှိန်မြှင့်ခဲ့ပြီး ပင်နယ်တီရနိုင်တဲ့အခွင့်အရေးတွေလည်းရှိခဲ့ပါတယ်။

ဒါပေမယ့် ချေပဂိုးကိုတော့ ပထမပိုင်းပြီးခါနီးမှ ထောင့်ကန်ဘောကတဆင့် ဖိုဒန်ရဲ့ အပြင်းကန်ချက်ကတဆင့် ရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ပဲ ဆက်တိုက်ဖိအားပေးခဲ့ပေမယ့် ဘရန့်ဖို့ဒ် ခံစစ်နဲ့ ဂိုးသမား ရာယာတို့က အမှားအယွင်းမရှိခဲ့ပါဘူး။ ဂွန်ဒိုဂန် အပိုင်အခွင့်အရေးတကြိမ်ကို မိုးပေါ်ထောင်ကန်ခဲ့သလို ဒီဘရိုင်းရဲ့ ကန်ချက်ကိုလည်း ဒေးဗစ်ရာယာက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရန့်ဖို့ဒ်ဘက်က အခွင့်အရေးတွေကိုလည်း အီဒါဆန်၊ လာပေါ့တ်တို့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီး နာကျင်အချိန်ပို (၈) မိနစ်မှာတော့ ဘရန့်ဖို့ဒ်အတွက် အနိုင်ဂိုးကို တိုနေးကပဲ ထပ်မံသွင်းယူသွားခဲ့တာကြောင့် မန်စီးတီးတို့ အသည်းကွဲခဲ့ရပြီး အိမ်ကွင်းမှာတင် ရှုံးပွဲတွေ့ခဲ့ရပါတယ်။ ဒီပွဲရလဒ်ကြောင့်ပဲ ထိပ်ဆုံးက အာဆင်နယ်တို့ ဝုလ်ဗ်နဲ့မကန်ခင်မှာတင် ကမ္ဘာ့ဖလားပြီးတဲ့အထိ အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို ဆက်လက် ရယူသွားနိုင်ဖို့ သေချာသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က