အခမဲ့ဝန်ဆောင်မှုတွေကတော့ ဆက်ပြီး လည်ပတ်ဖို့ ရှိနေပါတယ်

ရုရှားမှာ ရှိတဲ့ Google ပိုင်လုပ်ငန်းရဲ့ ဘဏ်အကောင့်တွေကို အစိုးရအာဏာပိုင်တွေ သိမ်းဆည်းသွားပြီးနောက် Google ရုရှားရုံးခွဲ ဒေဝါလီခံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

ရုံးခွဲကို ဆက်ထိန်းထားနိုင်ခြင်း မရှိတော့လို့ Google ရုရှားရုံးခွဲကို ဒေဝါလီခံဖို့ ပြင်တာ ဖြစ်တယ်လို့လည်း The Reuters သတင်းက ဖော်ပြပါတယ်။ ဒီသတင်းမှာပဲ လုပ်ငန်းဘဏ်အကောင့်တွေကို ရုရှားအာဏာပိုင်တွေ သိမ်းဆည်းသွားပြီးနောက် ဝန်ထမ်းနဲ့ ကုန်သည်တွေကို ငွေပေးချေနိုင်တော့ခြင်း မရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။ Google ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ လုပ်ငန်းစာရင်းရှင်း ဖျက်သိမ်းမှာ ဖြစ်ပေမယ့် Search Engine ရှာဖွေရေးလုပ်ငန်းနဲ့ YouTube အပါအဝင် အခမဲ့ဝန်ဆောင်မှုတွေကတော့ ဆက်ပြီး လည်ပတ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ 





"ရုရှားအာဏာပိုင်တွေရဲ့ Google Russia ဘဏ်အကောင့် သိမ်းဆည်းမှုကြောင့် ကျွန်တော်တို့ရဲ့ ရုရှားရုံးလုပ်ငန်းလည်ပတ်မှုကို ဆက်လက်ထိန်းထားနိုင်ခြင်း မရှိတော့ပါဘူး။ရုရှားဝန်ထမ်းတွေကို လစာပေးဖို့ ပစ္စည်းသွင်းတဲ့ Suppliers နဲ့ ကုန်သည်တွေကို ငွေပေးချေဖို့အပါအဝင် တခြားဘဏ္ဍာရေးလုပ်ထုံးတွေလည်း လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ Google Russia အနေနဲ့ ဒေဝါလီခံကြောင်း တင်သွင်းမယ်လို့ အသိပေးချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ " လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ယူကရိန်းကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်မှု စတင်ပြီးနောက် မတ်လထဲမှာ Google ဟာ ရုရှားနိုင်ငံအတွင်း ကြော်ငြာရောင်းတဲ့ကိစ္စ ရပ်ဆိုင်းခဲ့ပါတယ်။ Google ပိုင် YouTube ကလည်း RT နဲ့ Sputnik အပါအဝင် ရုရှားအစိုးရမီဒီယာတွေ ပိုင်ဆိုင်တဲ့ ချန်နယ်လိုင်းတွေပေါ်က ကြော်ငြာတွေ ပိတ်ပင်ခြင်း လုပ်လာပြီး နောက်ပိုင်းမှာ ဒီချန်နယ်တွေကို လုံးဝပိတ်ချခဲ့တာမျိုးတွေအထိ လုပ်ဆောင်ခဲ့ပါတယ်။ 

Google နဲ့ ရုရှားဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ပြဿနာတွေ တက်ခဲ့ပါတယ်။ ကုမ္ပဏီပိုင် ပလက်ဖောင်းတွေပေါ်ကနေ "တရားမဝင်" ကြောင်း ရုရှားအစိုးရ သတ်မှတ်ထားတဲ့ Content တွေ ဖယ်ရှားဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ရုရှားဟာ Google ကို ရုရှားရူဘယ် ၇.၂ ဘီလျံ (ဒေါ်လာ ၉၈ သန်း) ဒဏ်ရိုက်ခဲ့ပါတယ်။ ဒီဒဏ်ကြေးဟာ ရုရှားကနေ ဝင်တဲ့ Google ဝင်ငွေရဲ့ ၈% အထိ ရှိနေပါတယ်။ 

ရုရှား TV ချန်နယ်တစ်ခုရဲ့ အဆိုအရ အာဏာပိုင်တွေဟာ Google ဆီကနေ ရူဘယ် ၁ ဘီလျံ (ကန်ဒေါ်လာ ၁၅ သန်းခန့်) ကို ဧပြီလတုန်းက သိမ်းယူမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ကုမ္ပဏီကနေ ပိတ်ထားတဲ့ ချန်နယ်ရဲ့ YouTube အကောင့် ပြန်ဖွင့်မပေးတာကြောင့်လည်း ဖော်ပြထားပါတယ်။ ရုရှားဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ဟာ YouTube ကို ရူဘယ် ၈ သန်း (ဒေါ်လာ ၉ သောင်းခွဲခန်) ဒဏ်ရိုက်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တာ ရှိပါတယ်။



Google ရုရှားရုံးခွဲဘဏ်အကောင့်ကနေ အာဏာပိုင်တွေ ဘယ်လောက်သိမ်းဆည်းသွားကြသလဲဆိုတာတော့ မသိရသေးပါဘူး။ ၂၀၂၁ ခုနှစ်ထဲမှာ ရုရှားရုံးခွဲကနေ Google ဟာ ရူဘယ် ၁၃၄.၃ ဘီလျံ (ဒေါ်လာ ၂.၀၈၆ ဘီလျံ) ဝင်ငွေ ရခဲ့ပြီး ဝန်ထမ်း ၁၀၀ ကျော် အလုပ်ခန့်အပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲအကျိုးဆက်အနေနဲ့ Google ဟာ ရုရှားမှာ ဒေဝါလီခံလိုက်ရတဲ့ ပထမဆုံး Big Tech ကြီးတစ်ခု ဖြစ်လာတာပါ။ 

အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Apple ၊ Meta နဲ့ Microsoft တို့လည်း ရုရှားနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားပေမယ့် ရုရှားလုပ်ငန်းခွဲတွေ ဒေဝါလီခံကြောင်း ကြေညာတာမျိုး မရှိသေးပါဘူး။ 

Share

Loading Next Article...
က္က