ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ YOMA Bank နဲ့ AYA Bank တွေက တုံကင်ယူစရာမလိုဘဲ တပတ်ကို တကြိမ်ငွေထုတ်ပေးနေပြီလို့ သိရပါတယ်။
ဒါပေမယ့် အဲ့ဒီစနစ်မှာ account transfer ပြုလုပ်ပြီး ငွေထုတ်ယူခြင်း အကျုံးမဝင်ကြောင်း၊ account transfer တွေကို ငွေလွှဲတဲ့နေ့ကစပြီး ၁ လအကြာမှသာ အပတ်စဉ် ကန့်သတ်ပမာဏအလိုက်ထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မိုဘိုင်ဘဏ်ကင်းနဲ့ငွေပေးချေပြီးလုပ်ဆောင်နေတဲ့ လုပ်ငန်းအားလုံး ၊ လုပ်ခလစာ ၊ သင်တန်းကြေး၊ အွန်လိုင်းရှော့ပင်း စတဲ့ လုပ်ငန်းဆောင်ရွက်သူတွေအတွက် အဆင်မပြေတော့ဘဲ အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
" အလှကုန်ပစ္စည်း ဆိုင်ဖွင့်ထားတာ ။ ဘဏ်စနစ်နဲ့ပဲချေကြတာများတယ်။ အခုကျတော့ ဘဏ်က transfer ငွေထုတ်ဖို့ တစ်လစောင့်ရမယ်ဆိုတော့ ဘယ်လိုမှကို အဆင်မပြေဘူး။ အဲဒီတော့ အချင်းချင်းငွေလွှဲတွေမလုပ်ရတော့ဘူးလား ၊သူများဆီလွှဲစရာ ရှိလို့ လွှဲပြီး ကိုယ့်ဆီပြန်ဝင်လာရင်တောင် တစ်လစောင့်မှ သုံးသိန်းပဲ ထုတ်လို့ရမယ်၊ရိုးမက အရင်ကမှ ဘိုကင်တင်ရင် တစ်ပတ်ကို smart သုံးသိန်း၊ saving သုံးသိန်း ရသေးတယ်၊ အခုတော့ ငွေလွှဲတွေရှိရင် တစ်လမှ သုံးသိန်းဆိုတော့ ဘာနဲ့သွားလုပ်စားလို့ရတော့မှာလဲ၊ ရလာတဲ့ငွေတွေက ရာခိုင်နှုန်းနဲ့ထုတ်ရမှရမယ့်ပုံဖြစ်သွားပြီ" လို့ အွန်လိုင်း ရှော့ပင်း လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
ဓာတ်ပုံ - YOMA Bank Page (ပုံဟောင်း)
AYA Bank က ရန်ကုန်ကလွဲပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်က ဘဏ်ခွဲတွေမှာ တိုင်းအလိုက် စီမံခန့်ခွဲမှုတွေအရ တုံကင်ယူမပေးတော့ဘဲ တစ်ပတ်ကို ၅ သိန်းထုတ်ပေးနေကြောင်း၊ Yoma bank က တစ်ပတ်ကို ၃ သိန်းထုတ်ပေးမှုကို အခု နိုဝင်ဘာလကစပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။
" နိုဝင်ဘာ ၁ ရက်ကစပြီး ရိုးမဘဏ်ခွဲတိုင်းမှာ တုံကင်မယူဘဲငွေထုတ်လို့ရပါပြီ။ဒါပေမယ့် account transfer လုပ််ပြီငွေထုတ်မှုတွေတော့မရသေးပါဘူး ၊ " လို့ ရိုးမဘဏ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။
ဘဏ်ဝန်ဆောင်မှုစနစ်အသုံးပြုပြီးငွေပေးချေမှုပြုလုပ်နေရသူတွေ ကတော့ တုံကင်စနစ်နဲ့ငွေထုတ်ပေးတဲ့ စနစ်ထက် ခုပြောင်းလဲလိုက်တဲ့စနစ်က ပိုပြီး ဒုက္ခရောက်သွားစေတယ်လို့ ဆိုပါတယ်။
KBZ Bank ၊ CB bank နဲ့ ကျန်ပုဂ္ဂလိကဘဏ်တချို့ကတော့ တုံကင်ယူပြီး ငွေထုတ်ပေးစနစ်နဲ့ပဲ ဆက်လည်ပတ်နေသေးတယ်လို့ သိရပါတယ်။