ဘူလ်ဂေးရီးယားနိုင်ငံမှာ ဘတ်စ်ကားတစ်စီး အဝေးပြေးလမ်းမပေါ် မီးလောင်ခဲ့ရာ ကလေးငယ် ၁၂ ဦး အပါအဝင် အနည်းဆုံး လူ ၄၆ ဦး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ဘူလ်ဂေးရီးယားမြို့တော် ဆိုဖီယာမြို့ရဲ့ အနောက်ဘက် ၂၈ မိုင်အကွာရှိ Bosnek ကျေးရွာအနီး အဝေးပြေးလမ်းမပေါ်မှာ ဒေသစံတော်ချိန် ယနေ့ (နိုဝင်ဘာ ၂၃ ရက်) မနက် ၂ နာရီခန့်က ဘတ်စ်ကားမတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဘတ်စ်ကားဟာ မြောက်မက်ဆီဒိုးနီးယားနိုင်ငံမှာ မှတ်ပုံတင်ထားတာဖြစ်ပြီး အဓိကအားဖြင့် ထိုနိုင်ငံမှ ခရီးသည်တွေကို သယ်ယူပို့ဆောင်ပေးနေခဲ့တယ်လို့ ဆိုပါတယ်။
(မီးလောင်ကျွမ်းထားသည့် ဘတ်စ်ကား) (Photo: Reuters)
ဘတ်စ်ကားတိုက်မှုနဲ့ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ ဘတ်စ်ကားဟာ မီးလောင်ပြီးမှ လမ်းအကာအရံတွေကို တိုက်မိခဲ့တယ် သို့မဟုတ် လမ်းအကာအရံတွေကို ဝင်တိုက်မိပြီးနောက် မီးလောင်ခဲ့တယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဘူလ်ဂေးရီးယား ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုပါတယ်။
ဘတ်စ်ကားမတော်တဆမှုအတွင်း မီးလောင်ဒဏ်ရာများနဲ့အတူ အသက်ရှင်ကျန်သူ ၇ ဦးကို ဆိုဖီယာမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အစောပိုင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဘတ်စ်ကားပေါ်မှာ ယာဥ်မောင်းအပါအဝင် လူ ၅၂ ဦး လိုက်ပါလာခဲ့ကြောင်း ဘူလ်ဂေးရီးယား ရဲတပ်ဖွဲ့အကြီးအကဲ Stanimir Stanev က ဆိုပါတယ်။
(မြောက်မက်ဆီဒိုးနီးယား၊ ဘူလ်ဂေးရီးယားနဲ့ တူရကီ ကုန်းမြေဆက်စပ်နေမှု) (Map: BBC)
သေဆုံးသူအများစုနဲ့ ယာဥ်မောင်းတို့ဟာ မြောက်မက်ဆီဒိုးနီးယားမှဖြစ်ကြောင်း ထိုနိုင်ငံရဲ့ သရုံးက BTV သတင်းဌာနကို အတည်ပြုခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ ကြီးမားတဲ့ အဖြစ်ဆိုးတစ်ခုလို့ ရဲတပ်ဖွဲ့အကြီးအကဲက ဆိုပါတယ်။ "ဒီအဖြစ်ဆိုးကနေ သင်ခန်းစာတွေယူကြပြီး အနာဂတ်မှာ ဒီလို မတော်တဆမှုတွေကို တားဆီးနိုင်ဖို့ မျှော်လင့်ကြပါစို့" လို့ Stanimir Stanev က ပြောပါတယ်။
မက်ဆီဒိုးနီးယား နိုင်ငံခြားရေးဝန်ကြီး Bujar Osmani ရဲ့ ပြောကြားမှုအရ မီးလောင်ခဲ့တဲ့ အဝေးပြေးဘတ်စ်ကားဟာ သီတင်းတစ်ပတ်ကြာ အားလပ်ရပ်ခရီးစဥ်အဖြစ် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ သွားရောက်ခဲ့ပြီးနောက် ဘူလ်ဂေးရီးယားမှတစ်ဆင့် မက်ဆီဒိုးနီးယားမြို့တော် Skopje မြို့သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။