စက်သုံးဆီဆိုင်လေးတစ်ဆိုင်မှာ အလုပ်လုပ်ရင်း ခြိုးခြံချွေတာကာ ရွာက မိဘတွေကို လစဥ်ထောက်ပံ့ပေးနေရတဲ့ ကိုမိုးထက်ဟာ မိဘတွေကို ထောက်ပံ့တဲ့ ငွေထဲက ၅ ရာခိုင်နှုန်းကို ငွေထုတ်ခအဖြစ်နဲ့ လစဥ်ပေးနေရတာ မချင့်မရဲဖြစ်နေရှာပါတယ်။
"ကျွန်တော်က လတိုင်းအိမ်ကို ၁ သိန်း ၂ သောင်းပို့တယ်။လစာက ၁ သိန်းခွဲရတယ်။စားရိတ်ငြိမ်းဆိုတေါ့ပို့နိုင်တာပါ ။ကျနော်ဒီကလွှဲရင် လွဲခ ပေးရတယ် တစ်သိန်းကို ၅၀၀ ၊ အိမ်ကအမေတို့ပြန်ထုတ်တော့ တစ်သိန်းကို ခုဆို ၅၅၀၀ ပေးရတယ်၊နှစ်ဘက်လုံးပေးနေရတာ အဆင်မပြေဘူးဗျာ၊ခု ၆ လဆိုတော့ လေးသောင်းနီးပါးလောက်က သူများကိုပေးလိုက်ရသလိုဖြစ်သွားတယ်။ ပို့တဲ့ငွေသာများရင် ခုထက်ပိုဆိုးမှာ " လို့ အသက် ၁၈ နှစ်အရွယ် ကိုမိုးထက်က ငြီးတွားပါတယ်။
လစာထုတ်တဲ့နေ့ရောက်ပြီဆိုရင် ရွာက မိဘတွေဆီကို ငွေလွှဲနိုင်လို့ ကျေနပ်ရပေမယ့် ငွေထုတ်ခဆိုပြီး ရာခိုင်နှုန်းတွေ ပေးနေရတာကတော့ အဆင်မပြေဘူးလို့ သူက ဆိုပါတယ်။
အသားဖြူဖြူ အရပ် ရှည်ရှည် ၊ မျက်ခုံးမွှေးကောင်းကောင်းနဲ့ ခပ်ပိန်ပိန်လူငယ်တစ်ဦးဖြစ်တဲ့ ကိုမိုးထက်ဟာ ကိုဗစ်ကြောင့် ကျောင်းတွေ ရပ်နားထားရာကနေ ဆယ်တန်းကို ဆက်မတက်ဖြစ်တော့ဘဲ ရန်ကုန်ကို ရောက်လာပြီး စက်သုံးဆီအရောင်းဆိုင်မှာ အလုပ်လုပ်နေတာ ၆ လကျော် ရှိနေပါပြီ။
ကိုမိုးထက်လို လစဉ်အိမ်ကိုငွေလွှဲနေရသူတွေ၊ နေ့စဉ်အရောင်းအဝယ်လုပ်သူတွေ၊အရေးပေါ်ငွေလိုအပ်သူတွေ အားလုံးဟာ ATM နဲ့ ဘဏ်တွေကနေ ငွေထုတ်ရခက်ခဲတဲ့အခြေအနေတွေေကြောင့် ပြင်ပမှာပဲ ရာခိုင်နှုန်းပေးပြီး ငွေသားလဲလှယ်နေရတာ အခုဆိုရင် ၈ လနီးပါးခန့်ရှိနေပါပြီ။
အခုဆိုရင် ရန်ကုန်အပါအဝင် နေပြည်တော်၊ မန္တလေး လိုမြို့ကြီးတွေမှာရှိတဲ့ ATM စက်တချို့မှာသာ ဘဏ်တွေက ငွေထည့်တာရှိပြီး ကျန်တဲ့ နယ်မြို့တွေအများစုမှာတော့ ATM စက်ထဲကို ငွေသားလုံးဝမထည့်တော့တာကြောင့် ရာခိုင်နှုန်းပေးပြီး ကျပ်ငွေကို ကျပ်ငွေနဲ့ လဲလှယ်နေကြရတာဖြစ်ပါတယ်။
ဒါကြောင့် လူတချို့က အရင်လုပ်နေကျအလုပ်တွေအပြင် ရာခိုင်နှုန်းရယူပြီး ငွေလဲလှယ်ပေးတဲ့ အလုပ်ကိုပါ တစိုက်မတ်မတ် ထပ်တိုးလုပ်ကိုင်လာကြတာတွေ့ရပါတယ်။
" အရင်ကတော့ အရောင်းအဝယ်ပဲလုပ်တာ။ အခုနောက်ပိုင်းတော့ ရလာတဲ့ငွေကြေးကို ရာခိုင်နူန်းယူပြီးထုတ်ပေးတာပါ လုပ်တယ်။ အရင်ကတော့ ငွေရရင် ဘဏ်ထဲထည့်တာ၊ အခုတော့ အဲ့ဒီငွေကို လိုအပ်သူကိုပြန်ထုတ်ပေးတယ်။ ပြီးရင် ကိုယ်က ဘဏ်မှာ တုံကင်ယူပြီး ငွေပြန်ထုတ်တယ်။ ဘဏ်အကောင့်ကတော့ ၃ခု ၄ ခုလောက် ရှိထားရတာပေါ့" လို့ ငွေလဲလှယ်ပေးနေသူတစ်ဦးကပြောပါတယ်။
အေတီအမ်စက်များမှ ငွေထုတ်ယူရန် စောင့်ဆိုင်းခဲ့ကြရစဥ် ။ ဓာတ်ပုံ - Nyan lin htet
လက်ရှိ ပြင်ပမှာဖြစ်ပေါ်နေတဲ့ ငွေလဲလှယ်မှုပုံစံက ဘဏ်အကောင့် ဒါမှမဟုတ် Kpay ၊ Wave ကနေ ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်း (တစ်သိန်းကို ငါးထောင်/ခြောက်ထောင်) ပေးပြီး ထုတ်နေရတာ ဖြစ်ပါတယ်။
နောက်ပြီးဘဏ်တွေက မှတ်ပုံတင်နံပါတ်နဲ့ ဘဏ်မှာငွေသားပေးပြီးငွေလွှဲတဲ့သူကိုသာ တုံကင်ယူဖိူ့မလိုအပ်ဘဲ ငွေထုတ်ပေးနေပြီး မိမိဘဏ်အကောင့်ထဲကငွေထုတ်မယ်ဆိုရင်တော့ ဖုန်းဆက်ပြီးတုံကင်ယူရမှာဖြစ်ပါတယ်။
တုံကင်ရဖို့အတွက်ဆိုရင် အချိန် ၁ နာရီလောက်ကြာအောင်ပင် ဖုန်းခေါ်ဆိုရတာမျိုးရှိကြောင်း၊ ဖုန်းဝင်သော်လည်း ဖုန်းမကိုင်တာမျိုးတွေလည်းရှိလို့ အရေးပေါ်ငွေလိုအပ်မှုအတွက်ကို ရာခိုင်နှုန်းပေးပြီးငွေထုတ်ယူကာ ဖြေရှင်းနေကြရတာဖြစ်ပါတယ်။
" ဘဏ်တွေက တုံကင်ပေးတယ်သာ ပြောတာ။ တစ်နာရီလောက် ဆက်တိုက်ခေါ်တောင် ဖုန်းက မအားဘူး။ ဖုန်းဝင်တော့လည်း မကိုင်တာရှိတယ်။ အဲဲဒီတော့ငွေအရေးပေါ်လိုရင် အရင်လို atm ကထုတ်မရတော့ ရာခိုင်နှုန်းနဲ့ ပဲ လဲရတာပေါ့။ အရင်ကတော့ ၁၀ ရာခိုင််နှုန်ကျော်ထိတောင်ဖြစ်ဖူးတယ်။ခုတော့ ၆ ရာခိုင်နှုန်း ကအများဆုံးရှိတယ်။ ဘဏ်တွေကအလုပ်မလုပ်တော့ ပြည်သူတွေဒုက္ခရောက်တာပေါ့။ ဘဏ်တွေနဲ့ ငွေလဲသူတွေပေါင်းပြီးလုပ်စားနေတယ်လို့တောင် ထင်မိတယ် ၊ ကိုယ်ပိုက်ဆံကိုယ် ထုတ်တာတောင် မရတဲ့ဘဝ " လို့ ပြည်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
ဗဟိုဘဏ်တာဝန်ရှိသူကတော့ ဘဏ် နဲ့ ATM တွေကနေ ငွေထုတ်ဖို့ အဆင်ပြေအောင်ဖြေလျှော့မှုတွေကို စက်တင်ဘာလထဲမှာ လုပ်ပေးသွား မယ်ဆိုပြီး ပြောဆိုထားတာ ရှိပေမယ့် ခု နိုဝင်ဘာလ ရောက်တဲ့အထိ ဘဏ်တွေကနေ ငွေထုတ်ရခက်ခဲနေပြီး ATM. စက်တွေကနေ ထုတ်လို့်မရတဲ့အခြေအနေတွေ ရှိနေတာဖြစ်ပါတယ်။
ရာခိုင်နှုန်းရယူ ငွေကြေးလဲလှယ်နေသူတွေနဲ့ပတ်သက်ပြီး သက်သေနဲ့တကွ တိုင်ကြားနိုင်ကြောင်း ၊ မှန်ကန်ကြောင်းစစ်ဆေးတွေ့ရှိရင် ဥပဒေအရအရေးယူမှာဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူက ထပ်လောင်းပြောဆိုထားပါတယ်။
ATM စက်တွေမှာ ငွေဖြည့်တင်းတာတွေ အလွန်နည်းလာတဲ့အတွက် ဘဏ်ကဒ်ထဲကိုငွေသားထည့်ပေးတဲ့ စက်ရုံအလုပ်သမားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ ဒုက္ခရောက်နေကြရပြီး အွန်လိုင်းရှော့ကနေ ပစ္စည်းဝယ်ယူမှာ ရာခိုင်နှုန်းထပ်ဆောင်းကောက်ခံမှုတွေလည်းရှိနေပါတယ်။
" ဖြေလျှော့ပေးမယ်ဆိုပြီး အခုထိဘာမှမဖြစ်လာဘူး။ အခုထိ ငွေထုတ်ဖို့ခက်နေဆဲပဲ။ လကုန်လို့ လစာထုတ်ရင် ငွေက ကတ်ထဲရောက်တော့ အမတို့မှာအခက်တွေ့တယ်။စက်ရုံမှာထားပေးတဲ့ ATM စက်ငွေဖြည့်မယ့်ရက်ကိုစောင့်ရတယ်။ မစောင့်နိုင်ရင်အပြင်ကထုတ်ရတယ်၊ပေးရတဲ့ရာခိုင်နှုန်းကတနေရာနဲ့တနေရာမတူဘူး ၊ ကိုယ်သုံးရမယ့်ဟာသူများကိုပေးနေရတယ် ၊ အရင်ကတော့ ကတ်ထဲကနေ ကြိုက်တဲ့အချိန်ထုတ်ရုံပဲ။ခုကျတော့ ကတ်သာရှိတယ် အဆင်မပြေဘူး " လို့ စက်ရုံ အလုပ်သမားတစ်ဦးကပြောပါတယ်။
အေတီအမ်စက်များမှ ငွေထုတ်ယူရန် စောင့်ဆိုင်းခဲ့ကြရစဥ် ။ ဓာတ်ပုံ - Nyan lin htet
ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဘဏ်တွေကနေ ငွေထုတ်ယူခွင့်နဲ့ပတ်သက်ပြီး ATM စက်က တစ်ရက်ကို ငွေကျပ် ငါးသိန်းကျပ် ၊ ဘဏ်ကနေ တစ်ဦးချင်းအကောင့် တစ်ပတ်ကို ငွေကျပ် သိန်း ၂၀ ကျပ် ၊ ကုမ္ပဏီ၊အဖွဲ့အစည်းတွေအတွက်က ငွေကျပ် သိန်း ၂၀၀ သာ ထုတ်ယူခွင့်ပြုဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီညွှန်ကြားချက်ထုတ်အပြိးမှာ ပုဂ္ဂလိက ဘဏ်တွေက ငွေသားထုတ်ပေးမှုနဲ့ပတ်သက်ပြိး ကန့်သတ်လိုက်တာကြောင့် ATM စက်တွေ တွေမှာ ငွေထုတ်ဖို့အတွက် လူပေါင်းရာနဲ့ချီ တန်းစီစောင့်ရတာတွေရှိခဲ့တဲ့အပြင် ၊ ငွေထုတ်မရတာတွေရှိခဲ့ပါတယ်။
အဲ့ဒီနောက် ATM စက်တွေမှာငွေဖြည့်တင်းမှုတဖြေးဖြေးလျော့နည်းလာပြီး ခုဆိုရင် နေပြည်တော် ၊ရန်ကုန် ၊ မန္တလေး လိုနေရာတွေက ATM. စက်အချို့မှာပဲ ငွေဖြည့်တင်းမှုရှိပြီး ကျန်တဲ့နေရာဒေသတွေမှာ ATM ကနေငွေထုတ်ယူလို့မရတော့တာကိုတွေ့ရပါတယ်။
ဘဏ်တွေရဲ့ ငွေထုတ်ပေးမှုကလည်း လူတစ်ဦးကို တစ်သိန်းကျပ်သာထုတ်ပေးတဲ့ဘဏ်ရှိသလို၊ ၃ သိန်း ၊ ၅ သိန်း ထုတ်ပေးနေပါတယ်။အဲ့ဒီလိုငွေထုတ်ရဖို့အတွက် တုံကင်ရယူဖို့မဖြစ်မနေလိုအပ်ပါတယ်
မြန်မာနိုင်ငံမှာ ပြည်သူလူထု အများဆုံး အသုံးပြုတဲ့ ပုဂ္ဂလိကဘဏ်တွေကတော့ KBZ Bank ၊ AYA Bank ၊ CB bank တို့ဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ Yoma Bank ၊ AGD Bank ၊ မြန်မာရှေ့ဆောင်ဘဏ် ဝန်ဆောင်မှုရယူသူလည်းရှိပါတယ်။
Share