နာမည်ကျော်ပုဂ္ဂိုလ်တဦးအနေနဲ့ မသွားခဲ့ဘဲ သာမန်လူပုံစံနဲ့သာ သွားခဲ့တာပါ။

စပါးအသင်းနည်းပြကွန်တီဟာ ကွယ်လွယ်ခဲ့ပြီဖြစ်တဲ့ ဘုရင်မကြီးအဲလစ်ဇဘက်-၂ ကို အခြားသောလူတွေနဲ့အတူ သွားရောက်ဂါရ၀ပြုခဲ့တယ်လို့ သိရပါတယ်။ ကွန်တီက နာမည်ကျော်ပုဂ္ဂိုလ်တဦးအဖြစ်နဲ့ သွားရောက်ခဲ့တာမဟုတ်ဘဲ အများသူငှာလို သာမန်အရပ်သားပုံစံနဲ့သာ သွားရောက်ခဲ့တာဖြစ်တယ်လို့လည်း သူ့ရဲ့ ကိုယ်တိုင်ပြောဆိုမှုကြောင့် သိရပါတယ်။ 

ပြီးခဲ့တဲ့တပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရပ်နားရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး ကွန်တီက သူ့ရဲ့အစ်ကိုဖြစ်သူ ဒန်နီယယ်လီနဲ့အတူ ဘက်ကင်ဟမ်နန်းတော်ကိုသွားရောက်ခဲ့ရာမှာ ရာနဲ့ချီတဲ့ ဗြိတိန်ပြည်သူတွေနဲ့ ရောနှောသွားရောက်ခဲ့တာပါ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကွန်တီက ရှင်းပြခဲ့ရာမှာတော့ - 

"သောကြာနေ့မှာ ကျနော် ဘက်ကင်ဟမ်နန်းတော်ကို သာမန်လူတဦးလိုပဲ သွားခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်က အဲဒီလိုလူပဲလေ၊ ကျနော်၊ ကျနော့်ကလပ်၊ ကျနော့်ကစားသမားတွေဆီကနေ တော်ဝင်မိသားစုအတွက် ဝမ်းနည်းကြောင်း ပြောချင်ပါတယ်၊ ပြီးရင်တော့ ဘောလုံးက ဆက်ကစားရမှာပါ၊ ဒါပေမယ့် ပရီးမီးယားလိဂ်က ဘောလုံးပွဲတွေ ရပ်တန့်ပြီး ဘုရင်မကြီးရဲ့ ကွယ်လွန်မှုကို လေးစားမှုပြဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်"

"ကြာသပတေးနေ့မှာ ကျနော်တို့အားလုံးဝမ်းနည်းနေခဲ့ရပါတယ်၊ ဘာလို့လဲဆိုတော့ တိုင်းပြည်အတွက် ထူးထူးချွန်ချွန်အလုပ်လုပ်ခဲ့တဲ့ လူတဦးအကြောင်း ကျနော်တို့ ပြောနေခဲ့ကြရတာပါ၊ ဒီအချိန်က ဗြိတိန်မှာ ကြီးမားတဲ့ ပူဆွေးဝမ်းနည်းတွေရှိနေပြီး လန်ဒန်မှာလည်း နေရထိုင်ရတာ ပင်ပန်းနေကြမှာပါ" လို့ ကွန်တီက ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 

ဘုရင်မကြီးကို သွားရောက်ဂါရ၀ပြုရာမှာ နာမည်ကျော်နည်းပြတဦးဖြစ်တဲ့ ကွန်တီအနေနဲ့ ရိုးရိုးသာမန်အရပ်သားတွေထက် အခွင့်အရေးတွေ ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကွန်တီကတော့ သာမန်လူတွေနဲ့အတူ ရောနှောပြီးတော့သာ သွားရောက်ခဲ့ပြီး အေးအေးဆေးဆေးပဲ ရှိနေခဲ့ချင်တယ်လို့ ယူဆရပါတယ်။ 


Share

Loading Next Article...
က္က