အသင်းပိုင်ရှင်က မေးမြန်းခဲ့တဲ့အပေါ် ပြန်လည်ပြောဆိုခဲ့တာပါ။

ထိုင်းလိဂ်ကလပ် ဘူရီယမ်ယူနိုက်တက်မှာ ကစားနေတဲ့ မြန်မာတိုက်စစ်မှူးအောင်သူက လက်ရှိအသင်းမှာသာ သူ ဆက်ကစားချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီထိုင်းလိဂ်မှာ ဘူရီယမ်က အဆင့် ၁ နေရာရပ်တည်နေပြီး အမှတ်ပေးဆုဖလားအတွက် ဘန်ကောက်ယူနိုက်တက်၊ ချွန်ဘူရီတို့နဲ့ အပြိုင်အဆိုင်ဖြစ်နေပါတယ်။ 

ကလပ်အသင်းပိုင်ရှင်နဲ့ ကစားသမားတချို့ တွေ့ဆုံခဲ့စဉ်မှာ အောင်သူကို အသင်းမှာဆက်နေမလား၊ အခြားကိုပြောင်းရွှေ့ချင်လားလို့ မေးမြန်းခဲ့တာဖြစ်ပြီး ကစားသမားက လက်ရှိကလပ်မှာသာ ဆက်ကစားချင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘူရီယမ်အသင်းရဲ့ တရားဝင် YouTube စာမျက်နှာမှာ အဆိုပါဗီဒီယိုဖိုင်ကို တင်ဆက်ပေးထားတာလည်းဖြစ်ပါတယ်။ 

အောင်သူကတော့ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလအတွင်းမှာ ဘူရီယမ်ကို ဒေါ်လာငါးသောင်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အသင်းအတွက် သူက ၁၉ ပွဲကစားပေးပြီးချိန်မှာ ၄ ဂိုးအထိ သွင်းယူပေးထားပြီး နောက်ပိုင်းပွဲတွေမှာ ပုံမှန်ကစားခွင့်ရလာခဲ့သလို ခြေစွမ်းကောင်းလည်းပြသနိုင်ခဲ့ကာ အသင်းဖော်တွေနဲ့ အတွဲညီနေခဲ့ပါတယ်။ 

ဒါပေမယ့် သူ့ကို နေရာပေးလေ့ရှိတဲ့ နည်းပြဂါမာက အသင်းနဲ့ ရုတ်တရက်လမ်းခွဲသွားခဲ့ပြီဖြစ်လို့ နည်းပြသစ်လက်ထက်မှာ အောင်သူ ပုံမှန်ကစားခွင့်ရဖို့က အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ ဘူရီယမ်အသင်းပိုင်ရှင်ကတော့ အောင်သူရဲ့ အဖြေကို သဘောကျခဲ့ပုံရပြီး ခေါင်းကိုပုတ်ကာ ဒီမှာပဲနေလို့ ပြောဆိုသွားခဲ့တာကိုလည်း ဗီဒီယိုမှာ မြင်တွေ့ခဲ့ရလို့ အသင်းမှာဆက်ရှိနေဖို့ကတော့ သေချာသလောက်ရှိနေတယ်လို့ ယူဆရပါတယ်။ 

Share

Loading Next Article...
က္က